Skip to main content

အင်းတော်ကြီးဘေးမဲ့အင်းသို့ ဆောင်းခိုငှက်များ တဖွဲဖွဲဝင်ရောက်လျက်ရှိ

ကချင်ပြည်နယ်  ဒီဇင်ဘာ  ၁၈

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကြောင့် မြောက်ဝင်ရိုးစွန်းတွင် ကျက်စားသည့် ရေပျော်ငှက်များသည် ပူနွေးစိုစွတ်ရာ ကမ္ဘာ့နိုင်ငံများသို့ ယခင်နှစ်ထက် စော၍ ပျံသန်းဝင်ရောက်ကြလျက်ရှိရာ မြန်မာနိုင်ငံ အင်းတော်ကြီးဘေးမဲ့အင်းသို့လည်း ဆောင်းခိုငှက်များ တဖွဲဖွဲဝင်ရောက် ကျက်စားလျက်ရှိသည်။

အချိန်စော၍ ဝင်ရောက်ခဲ့

ယခုနှစ်တွင် အင်းတော်ကြီးဘေးမဲ့အင်းသို့ စက်တင်ဘာလမှစ၍ ဆောင်းခိုငှက်များ ဆောလျင် စွာ ဝင်ရောက်ခဲ့ရာ နိုဝင်ဘာလတွင် ဌာနေငှက်မျိုး စိတ် ၁၉ မျိုး ကောင်ရေ ၉၀၀၀ ကျော်နှင့် ဆောင်းခိုရေပျော်ငှက်မျိုးစိတ် ၃၀ ကျော် အကောင် ရေ ၁၇၀၀၀ ကျော်ဖြင့် စုစုပေါင်းရေပျော် ငှက် မျိုးစိတ် ၄၉ မျိုး အကောင်ရေ ၂၆၀၀၀ ကျော် ဝင်ရောက်နားခိုလျက်ရှိသည်။

ဒီဇင်ဘာလတွင်လည်း ဆက်လက်ဝင်ရောက် လျက်ရှိရာ စစ္စလီငှက် ၄၀၀၀ကျော်၊ ကြိုးကြာခေါင်း မဲ ၁၀၀၀၀ ကျော်၊ စင်ရော်ခေါင်းညို /ခေါင်းမဲ ၁၅၀၀ကျော်၊ ဘဲနီစပ် ၁၅၀၀ ကျော်၊ ရေကြက်ဒုံ ၃၀၀၀ကျော်၊ တောငန်း ၁၀၀၀ ကျော်နှင့် ဘဲဖြူနက် အကောင်ရေ ၄၀၀၀ ကျော် ထူးခြားစွာ ဝင်ရောက်ခဲ့သည်။

အာဆီယံနိုင်ငံများတွင် ရေပျော်ငှက်စာရင်းကို ဇန်နဝါရီ၈ရက် နှင့် ၉ ရက်တွင် ကောက်ယူ လေ့ရှိပြီး ထိုလသည် ကမ္ဘာ့ဆောင်းခိုငှက် အများဆုံးနှင့် မျိုးစိတ်မျိုးစုံ တွေ့မြင်ရသောလဖြစ် သည်။ ထိုလတွင် အင်းတော်ကြီးဘေးမဲ့အင်း ဝန်ထမ်းများနှင့် မိုးညှင်းတက္ကသိုလ်မှ ဆရာ ဆရာမများ၊ မန္တလေး သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖွဲ့များနှင့် မြစ်ကြီးနား၊ မန္တလေး၊ အင်းတော်ကြီးတို့မှ ငှက်ဝါသနာ ရှင်များစုပေါင်း၍ စာရင်းကောက်ယူသည်။ အာရှရေပျော်ငှက် စာရင်းကောက်ယူမှုကို ၂၀၁၆ ခုနှစ်မှ စတင်၍ဆောင်ရွက်ခဲ့ရာ ယနေ့တိုင်ဖြစ်သည်။ ယမန်နှစ် ဆောင်းရာသီက အင်းတော်ကြီး ဘေးမဲ့အင်းသို့ ဆောင်းခိုငှက်မျိုးစိတ် ၅၀ ကျော်ကောင်ရေ ၃၀၀၀၀ ခန့် နားခိုကျက်စားခဲ့ပြီး ကမ္ဘာ့မျိုးသုဉ်းရန် အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် ဘဲခေါင်းစိမ်း ငါးကောင်နှင့် ဟင်္သာလေးကောင်ခန့်ကို တွေ့ရှိခဲ့ရာ ယခုနှစ်တွင် ထပ်မံတွေ့ရှိရန် အထူး သတိပြု ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံအတွက် ဂုဏ်ယူစရာ

အင်းတော်ကြီးကန်သည် ၁၀၀ စတုရန်းမိုင် ကျယ်ဝန်းပြီး အင်းနှင့် ဆက်စပ်ရေဝပ်ဧရိယာ ဖြစ်သော ရေဝေရေလဲကြိုးဝိုင်းတော ၂၁၄ ဒသမ ( ၇၆ စတုရန်းမိုင်ရှိသောကြောင့် စုစုပေါင်း ၃၁၄ဒသမ ၆၇ စတုရန်းမိုင်တွင် ကမ္ဘာ့ဆောင်းခိုငှက်များနှင့် ဌာနေငှက်များ ကျက်စား နေထိုင်လျက်ရှိ သည်။

မြန်မာနိုင်ငံတွင် အင်းတော်ကြီးကန်၊အင်းလေး ကန်၊ မိုးယွန်းကြီးအင်း၊ မိန်းမလှကျွန်း၊ ရခိုင်ပြည်နယ် နံ့သာကျွန်းနှင့် မုတ္တမကွေ့တို့ကို ရမ်ဆာရေဝပ်သေထိန်းသိမ်းရေးအဖြစ် သတ်မှတ်ထားပြီး နံ့သာကျွန်းနှင့် မုတ္တမကွေ့တို့၌ ကမ္ဘာပေါ် တွင်ရှားပါး၍ ကောင်ရေ ၆၀၀ ခန့်သာ ကျန်ရှိသည့် စပွန်းဘေးဆန်းဘိုက်ဗာ ရေပျော်ငှက် ကောင်ရေ ၃၀၀ ခန့် ဆောင်းခိုလျက်ရှိရာ နိုင်ငံအတွက် ဂုဏ်ယူစရာတစ်ခုဖြစ် သည်။မြန်မာနိုင်ငံမှာ အာဆီယံအမွေ အနှစ်အဖြစ် သတ်မှတ်ထားတဲ့နေရာ ရှစ်ခုမှာ အင်းတော်ကြီးကန်၊ အင်းလေးကန်နဲ့ မိန်းမလှကျွန်းတို့ဟာ အာဆီယံအဆင့် ရေဝပ်ဒေသအဖြစ် သတ်မှတ်ထားတာပါ။ မြန်မာနိုင်ငံမှာ ဆောင်းခိုငှက်တွေနဲ့ ရေဝပ်ဒေသတွေ ရေရှည်တည်တံ့ဖို့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ဆောင်ရွက်နေပါတယ်။ ဘက်ပေါင်းစုံက ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ လိုအပ်ချက်တွေတော့ ရှိနေဆဲပါ။ ကမ္ဘာ့ရှားပါးငှက်တွေ ဝင်ရောက်ခိုလှုံကျက်စားရာနေရာ ဖြစ်တဲ့အတွက် အင်းတော်ကြီးဒေသမှာရှိတဲ့ ဒေသခံတွေအနေနဲ့ နိုင်ငံရဲ့ အမွေအနှစ်တစ်ခုအဖြစ် ဂုဏ်ယူပြီး ပူးပေါင်းထိန်းသိမ်းဖို့ အရေးကြီးပါတယ် ဟု အင်းတော်ကြီးကန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ပြောကြားသည်။

ကမ္ဘာ့နိုင်ငံများနှင့် လက်တွဲဆောင်ရွက်

ကမ္ဘာ့မြောက်ဝင်ရိုးစွန်း၌ ဆောင်းရာသီတွင် အစာရေစာရှားပါးလာမှုကြောင့် အီကွေတာနှင့်နီးသော အပူပိုင်းဒေသများသို့ ရေပျော်ငှက်များ ပြောင်းရွှေ့ကျက်စားရာတွင် ကမ္ဘာ့ငှက်ပျံသန်းရာ လမ်းကြောင်းကိုးကြောင်းဖြင့် ပျံသန်းရာ၌ မြန်မာနိုင်ငံသို့ အရှေ့အာရှ-ဩစတြေးလျ လမ်းကြောင်းနှင့် အာရှဗဟိုလမ်းကြောင်းတို့မှ ဝင်ရောက်လျက် ရှိသည်။ ထိုလမ်းကြောင်း နှစ်ခုပေါ်တွင်ကျရောက်သော နိုင်ငံများစုပေါင်း၍ ဆောင်းခိုငှက်များကို ထိန်းသိမ်းစောင့်ရှောက် ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသည် အရှေ့အာရှ-ဩစတြေး လျငှက်ပျံသန်းရာ လမ်းကြောင်း အဖွဲ့ဝင်နိုင်ငံအနေဖြင့်လည်းကောင်း၊ ရမ်ဆာရေဝပ်ဒေသ အဖွဲ့ဝင်နိုင်ငံအဖြစ်လည်းကောင်း ဆောင်းခိုငှက်များ ထိန်းသိမ်း ကာကွယ်မှုကို ကမ္ဘာ့နိုင်ငံများနှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။

အင်းတော်ကြီးအင်းဘေးမဲ့တော၌ သဘာဝက ထွက်ရှိသော သယံဇာတအပေါ် မှီခိုမှုများလာပြီး ရွှေတူးဖော်မှုတို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် ဇီဝနှင့်ရုက္ခထိခိုက်မှုကို ဝိုင်းဝန်းထိန်း သိမ်းရန်လိုအပ်လျက်ရှိသည်။ အင်းတော်ကြီးဘေးမဲ့ အင်း၌ အောက်တိုဘာ ၁၀ ရက်တွင် ဆောင်းခိုငှက် ကြိုဆိုပွဲများကို ကျင်းပလေ့ရှိပြီး မေလ ၁၀ ရက် တွင် ဆောင်းခိုငှက်များ နှုတ်ဆက်ပွဲကိုကျင်းပလေ့ရှိကြောင်းလည်း သိရသည်။

ညိမ်းသူ (သတင်းစဉ်)