ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးကို မြန်မာနိုင်ငံအား ဖျက်လိုဖျက်ဆီးလုပ်သူများ၊ အစွန်းရောက်များနှင့် အကြမ်းဖက်အဖျက်သမားများမှလွဲ၍ နိုင်ငံသူနိုင်ငံသား အားလုံးက လိုလားမျှော်လင့်နေကြသည်။ ထို့ကြောင့်ငြိမ်းချမ်းရေးကိုလိုလားသူများနှင့် မလိုလားသူများကို ခွဲခြားရှုမြင်နိုင်ပြီး နိုင်ငံသား အများစုသည် ငြိမ်းချမ်းသာယာ ရေးကို စောင့်ကြိုနေကြပါသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးသည်မှစ၍ လက်နက်ကိုင်ပဋိပက္ခများ ယနေ့ထက်တိုင် မပြီးဆုံးသေးဘဲ တိုင်းရင်းသားနယ်မြေဒေသအချို့တွင် ပဋိပက္ခ များရှိနေသေးရာ မငြိမ်းချမ်းခြင်း၏ ဆိုးကျိုးများကိုဒေသခံတိုင်းရင်းသားပြည်သူများ ကြုံတွေ့ခံစားနေကြရသည်။ နှစ်ပေါင်း (၇၀) ကျော်ကြာ ကြုံတွေ့ခံစားနေရသောဒေသများမှာ မငြိမ်းချမ်းမှု၏အကျိုးဆက်ကြောင့် ဖွံ့ဖြိုး တိုးတက်မှုများလည်း နောက်ကျကျန်နေရသည်။ နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်း သာယာဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်နေသော်လည်း အပြည့်အဝ မရောက် သေးသည်ကိုတွေ့ရမည်ဖြစ်သည်။
မငြိမ်းချမ်းသောဒေသများတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်ရှိ ဒေသအချို့ရှိနေသည်။ ယခုအခါ မငြိမ်းချမ်းခြင်း၏အကျိုးရလဒ်နှင့် ငြိမ်းချမ်းခြင်း၏ အကျိုးရလဒ်များကို သိရှိနားလည်ပြီး ငြိမ်းချမ်းခြင်းကို ရှေးရှုဆောင်ရွက်ကြရာတွင် ရခိုင်ပြည်နယ်သည် ငြိမ်းချမ်းသာယာဝပြောရေးကိုရှေးရှုနေပြီဖြစ်သည်။ ရေခံမြေခံသဘာဝ အခြေခံများ ပေါများသော ရခိုင်ပြည်နယ်သည် ငြိမ်းချမ်းရေးရောင်ခြည် ယှက်သန်းနေပြီ ဖြစ်သောကြောင့် မကြာမီတွင် ငြိမ်းချမ်းသာယာဝပြောသောပြည်နယ်အဖြစ်သို့ တက်လှမ်း လာတော့မည်ဖြစ်သည်။
အလားတူပင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် NCA လက်မှတ်ရေးထိုးခြင်းမပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့တို့သည် ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာကိစ္စများနှင့် ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ကိုမြင်တွေ့ခဲ့ရာ ပြည်ထောင်စုကြီးအကျိုး၊ ဒေသခံ တိုင်းရင်းသား ပြည်သူများအကျိုးအတွက် ငြိမ်းချမ်းရေးခရီးကို အောင်မြင်စွာတက်လှမ်းနိုင်ပါစေ ဟု ဆန္ဒပြုမိပါသည်။
နိုင်ငံတော်နှင့်တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်လှစ်ထားပြီး ပြည်ထောင်စုကြီး အေးချမ်းသာယာရေးအတွက် နှစ်ဦးနှစ်ဖက်အပြန်အလှန် အပေးအယူ အလျှော့အတင်းညှိနှိုင်း ခြင်းဖြင့် ငြိမ်းချမ်းခြင်းကို ဆောင်ကြဉ်းနိုင်ပါသည်။ အရေးကြီးသည်မှာ အဓိက သက်ဆိုင်သူများ အနေဖြင့် စိတ်ရင်း စိတ်ထား မှန်ကန်မှုနှင့် ငြိမ်းချမ်းရမည်ဟူသည့် ထက်သန်သော စိတ်ထားများဖြင့် မဖြစ်မနေကြိုးပမ်း ကြမည်ဆိုလျှင် ငြိမ်းချမ်းရေးမှာ အလှမ်းမဝေးဘဲ ရခိုင်ပြည်နယ်ကဲ့သို့ ငြိမ်းချမ်းရေး ခရီးပန်းတိုင်ကို အမြန်ဆုံးရောက်ရှိနိုင်မည်ဖြစ်သည်။ လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့၏ ငြိမ်းချမ်းရေးကို ဖောက်ဖျက်မှုအချို့သာရှိပြီး တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ လျော့နည်းနေပြီဟု ဆိုနိုင်သည်။
လက်ရှိကာလတွင် ပြည်တွင်းမှ အမျိုးသားသစ္စာဖောက်များက ပြည်ပအားကိုး ဖြင့်တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်း အဖျက်လုပ်ရပ်များကို အချို့ဒေသ များတွင် ပြုလုပ်လျက်ရှိနေသည်။ ပြည်တွင်းမှ အစွန်းရောက်များနှင့် အသိမဲ့သူများအား သွေးထိုးမြှောက်ပင့် ထောက်ပံ့အားပေးပြီး အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီး သတ်ဖြတ်မှုများ ပြုလုပ်နေသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အကြမ်းဖက်အဖျက်သမားများ အပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက် နေ့စဉ်နှင့်အမျှ ကြိုးပမ်းဆောင်ရွက်နေသည်။ ပြည်သူများပူးပေါင်းပါဝင်မှု အားကောင်းလာသည်နှင့်အမျှ အကြမ်းဖက်အဖျက်လုပ်ရပ်များ အမြန်ဆုံးချုပ်ငြိမ်း သွားမည်ဖြစ်သည်။
လွတ်လပ်ရေးရပြီးသည်မှ နှစ်ပေါင်း (၇၀) ကျော်ကြာလာသည့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများစုအနေဖြင့် ဆန္ဒရှိကြသည်ကို တွေ့လာရပြီဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပြည်သူများ လိုလားသည့် ပါတီစုံဒီမို ကရေစီစနစ်ကို မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်တန်းတန်းဖော်ဆောင်နေပြီး အနာဂတ်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် ရည်မှန်း ကြိုးပမ်း ဆောင်ရွက်နေသည်။ ငြိမ်းချမ်းရေးကို ပထမဦးစားပေးအဖြစ် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျှင် ပြီးပြည့်စုံသော အားလုံးမျှော်လင့်သည့် ရည်မှန်း ချက်ပန်းတိုင်သို့ ရောက်ရှိမည် ဖြစ်သည်။
သို့ဖြစ်ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ငြိမ်းချမ်းခြင်း၏အရသာများ၊ ငြိမ်းချမ်းခြင်း၏ အသီးအပွင့်များ၊ ငြိမ်းချမ်းခြင်း၏အကျိုးရလဒ်များကို သက်ဆိုင် ရာတိုင်းရင်းသားအဖွဲ့အစည်း များနှင့်ပြည်သူအားလုံး နားလည်သိရှိနေကြပြီဖြစ်ရာ ထာဝရငြိမ်းချမ်းရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ကြဉ်း၍ အကြမ်းဖက် အဖျက်သမားများကို ရှင်းလင်းဖယ်ရှားလိုက်ပါက ငြိမ်းချမ်းသာယာ ဝပြောပြီးဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီး အလျင်အမြန်ဖြစ်ထွန်းလာမည်ဟု ယုံကြည်ပါ ကြောင်း။