ရန်ကုန် ဒီဇင်ဘာ ၁၈
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)တို့၏ (၂၇)ကြိမ်မြောက် မဟာဘွဲ့နှင်း သဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့် တက္ကသိုလ်အုပ်ချုပ်ရေး ဗဟိုအဖွဲ့ဆရာတော်များ၊ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယ အဖွဲ့ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)တို့မှ သင်ကြား/စီမံ ဆရာတော်များ၊ ဘွဲ့ခံသံဃာတော်များ ကြွရောက်ချီးမြှင့်တော် မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားအား ''နမောတဿ"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအမှူးပြုသော ပရိသတ်အပေါင်းတို့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၏အဓိပတိ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး သာရဏီယသြဝါဒကထာ နာယူကြသည်။ ဆက်လက်၍ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ (မိုင်းသောက်) ဆရာတော်ကြီးထံမှ သမ္မောဒနီယသြဝါဒကထာ နာယူကြသည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တသုမနက (၂၇)ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် နှင့်စပ်လျဉ်း၍ လျှောက်ထားသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် များမှ(၂၆)ကြိမ်မြောက်အထိ ဘွဲ့ခံယူတော် မူခဲ့ကြသည့် ရဟန်းတော်များ စုစုပေါင်း (၂၉၀၃)ပါးရှိပြီ ဖြစ်ပါကြောင်း၊ ယခု(၂၇)ကြိမ်မြောက် မဟာဘွဲ့နှင်း သဘင်အခမ်းအနားတွင် ဘွဲ့ခံယူတော်မူကြမည့် အရှင်မြတ်များမှာ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်)မှ သာသနတက္ကသီလဓမ္မာစရိယ, B.A(Buddhism) ဘွဲ့ရ(၅၄)ပါး၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ, M.A(Buddhism)ဘွဲ့ရ(၆)ပါး၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)မှ သာသနတက္ကသီလ ဓမ္မာစရိယ, B.A(Buddhism) ဘွဲ့ရ(၃၈)ပါး၊ သာသနတက္က သီလ မဟာဓမ္မာစရိယ,M.A(Buddhism)ဘွဲ့ရ(၁၃)ပါး၊ သာသနတက္ကသီလဓမ္မပါရဂူ, Ph.D (Buddhism) ဘွဲ့ရ(၁)ပါး စုစုပေါင်း(၁၁၂)ပါးဖြစ်ပါကြောင်း။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ပညာရေးမူဝါဒ သင်ကြားရေးဆိုင်ရာ ရည်ရွယ်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ဤတက္ကသိုလ်များသည် ပရိယတ်စာပေအရာတွင် ရဲရင့်ထက်မြက်မှု "ဗျတ္တပဋိဗလ"ဂုဏ်နှင့်ပြည့်စုံသော ရဟန်းတော်များကို မွေးထုတ်ပေးနိုင် ပြီး ထေရဝါဒဟူသော ဂုဏ်ဒြပ်ကို ပီပြင်စွာ ထင်ဟပ်နိုင်သည့်အပြင် ခေတ်အမြင် ခေတ်အတွေးတို့ကို မပယ်ရှား ရှေးမဟာထေရ် အစဉ်အဆက် တို့၏ နည်းနာနိဿယနှင့် အစဉ်အလာတို့ကို မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသော တက္ကသိုလ် ကြီးများဖြစ်ပါကြောင်း လျှောက်ထား သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မင်းကောင်းမင်းမြတ်တို့ကျင့်သုံးခဲ့သော အစဉ်အလာအတိုင်း နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာစွာဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံနယ်ပယ် ပေါင်းစုံမှ အစွမ်းကုန်ကြိုးပမ်းအားထုတ်လျက်ရှိသကဲ့သို့ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ ထွန်းကား ပြန့်ပွားရေးအတွက်လည်း အဖက်ဖက်မှ လိုလေသေးမရှိအောင် ချီးမြှင့်ထောက်ပံ့ လျက်ရှိပါကြောင်း လျှောက်ထားသည်။
ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တသုမနက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ (မိုင်းသောက်ဆရာတော်) ထံတွင် ဘွဲ့ခံစာရင်းကို အတည်ပြု လက်မှတ်ရေးထိုးသည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်း ဆရာတော်က သာသနတက္ကသီလ ဓမ္မပါရဂူ ဘွဲ့တံဆိပ်တော် ခံယူမည့် ရဟန်းတော်၏ ဘွဲ့တော်ကို ကြေညာ၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ဆရာတော်ကြီးထံတွင် ဘွဲ့ခံယူသည်။
ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်း ဆရာတော်က သာသန တက္ကသီလမဟာဓမ္မာစရိယဘွဲ့ တံဆိပ်တော်ခံယူမည့် ရဟန်းတော်များနှင့် သာသနတက္ကသီလဓမ္မာ စရိယ ဘွဲ့ခံယူမည့် ရဟန်းတော်တစ်ပါးချင်း၏ ဘွဲ့တော်ကို ကြေညာ၍ ပါမောက္ခချုပ်ဆရာတော်ထံတွင် ဘွဲ့ခံယူပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းဆရာတော်က သာသနတက္ကသီလ မဟာဓမ္မာစရိယဘွဲ့ တံဆိပ်တော်ခံယူမည့် ရဟန်းတော်များနှင့် သာသန တက္ကသီလဓမ္မာစရိယဘွဲ့ခံယူမည့် ရဟန်းတော် တစ်ပါးချင်းစီ၏ ဘွဲ့တော်ကို ကြေညာ၍ ပါမောက္ခချုပ်ဆရာတော်ထံတွင် အသီးသီးဘွဲ့ခံယူကြသည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး ရှေ့မှောက်တွင် ဘွဲ့ခံရဟန်းတော်များက သာသနာပြုကတိသစ္စာခံယူကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသည့် ပရိသတ်အပေါင်းတို့သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၏ ဒုတိယအဓိပတိ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေပြီး ''ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု''သုံး ကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး အမှူးပြုသော ပင့်သံဃာတော် ၁၈ ပါး၊ ဘွဲ့ခံရဟန်းတော် ၁၁၂ ပါး စုစုပေါင်း ၁၃ဝ ပါးတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် အမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များက ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း ခဲ့သည်။
(သတင်းစဉ်)