Skip to main content

ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာအတွင်း အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန် အစည်းအဝေး ပြုလုပ်နေသည့် အကြမ်းဖက်သမားများအား ဝင်ရောက်ဖမ်းဆီး

နေပြည်တော် ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာ၌ ဒေသခံပြည်သူများ၏ ထောက်ခံ အားပေးမှုမရှိဘဲ ရောက်ရှိနေသည့် CNF နှင့် PDF ၊ YDF အမည်ခံ အကြမ်းဖက်သမားများအား ယနေ့ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းတွင် CNF နှင့် PDF ၊ YDF အမည်ခံ အကြမ်းဖက်သမား ခေါင်းဆောင် အချို့ပါဝင်သည့် အင်အား ၁၀၀ ဦးခန့်သည် ဂန့်ဂေါမြို့နယ်၊ နှမ်းခါး ကျေးရွာအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ခဲ့ရာ ရပ်မိရပ်ဖ များနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရွာအတွင်းမပြုလုပ်ရန် နည်းမျိုးစုံဖြင့် တားဆီးတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ သို့သော် အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာ၏တောင်းဆိုမှုအပေါ် လစ်လျူရှု၍ မွန်းလွဲ ၁ နာရီခန့်တွင် အစည်းအဝေးအား ဇွတ်အတင်း ပြုလုပ်ခဲ့ရာ ကျေနပ်မှုမရှိသော ကျေးရွာ သားအချို့က ကျေးရွာနှင့်အနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်အကြောင်းကြား သတင်းပေးပို့လာခဲ့သဖြင့် ၎င်းတို့အစည်းအဝေး ပြုလုပ်သည့် နေရာအား ညနေ ၂ နာရီ ၄၀ မိနစ်ခန့်တွင် စီးနင်းဝင်ရောက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာ၏အရှေ့ဘက် မြစ်သာမြစ်ကို ဖြတ်ကူး၍ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အပြစ်မဲ့ပြည်သူနှင့် ၎င်းတို့၏နေအိမ် အဆောက်အဦများ ထိခိုက်မှုမရှိစေရေး သတိပြုရှောင်ရှားဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်စဉ်တွင် ကျေးရွာသူ/ရွာသား များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အကြမ်းဖက်သမားများထံမှ အားကစား ဝတ်စုံ ဝတ်ဆင်ထား သည့် အကြမ်းဖက်သမား အလောင်းခြောက်လောင်း၊ ပစ္စတိုနှစ်လက်၊ ခေါက်ချိုး တစ်လုံးထိုး သေနတ် ငါးလက်၊ တူမီးသေနတ် သုံးလက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ ခဲ့သည်။

အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့တွင်းဝင်ရောက်၍ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက် သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန် အပ်ပါသည်။

သတင်းစဉ်