Skip to main content

အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများအား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော် ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၄)ရပ်ကွက်နေ ရာအိမ်မှူးတစ်ဦးအား ဇူလိုင် ၂၈ ရက်တွင် ထက်ပိုင်စိုး(ခ) ဖိုးထက် (ဘ) ဦးစိုးသန့် အပါအဝင် အမျိုးသား ငါးဦးတို့သည် သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံပစ်ခတ်ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ  ၅၀(က)/ ၅၄ အရ ဒီဇင်ဘာ ၁၆ ရက်တွင် ၎င်းတို့ငါးဦးအား “သေဒဏ် ” အမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၁၃) ရပ်ကွက်၊ မိတ္ထီလာလမ်းနေ အောင်ပိုင်(ခ)ဖိုးကဲ (ဘ) ဦးအောင်ကျော်ဆန်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ နိုဝင်ဘာလအတွင်း ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာ ပါဝင် လှုပ်ရှားခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ၏ အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၂၁) ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေငြာ ထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေးကောက်ခံ ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က(က)အရ ဒီဇင်ဘာ ၁၆ ရက်တွင် ၎င်းအား “ထောင်ဒဏ် တစ်သက်” ပြစ်ဒဏ်အား အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။

အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့် စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ် ခဲ့ကြောင်း သိရှိရသည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်