Skip to main content

အကြမ်းဖက်သမားများက လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ စာသင်ကျောင်းများအား ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၇

NUG၊ CRPH အမည်ခံအကြမ်းဖက်အဖွဲ့များသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ရပ်များကို အချို့နေရာများတွင် လုပ်ဆောင် လျက်ရှိသည့်အပြင် ကလေးသူငယ်များ၏ ပညာသင်ယူခွင့်ကို ဆုံးရှုံးစေရန်အတွက် ပညာသင်ကြားရေးအတွက် အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများကို  လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များပြုလုပ်ခဲ့ရာတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းရှေ့ ခြံစည်းရိုးအုတ်တံတိုင်းအနီး၌ အကြမ်းဖက်သူများက လက်လုပ်မိုင်း တစ်လုံး ဖောက်ခွဲ‌ခဲ့ရာ ခြံစည်းရိုးအုတ်တံတိုင်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် (၁၄) ရပ်ကွက်ရှိ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းအနီး ပေါက်ကွဲမှုဖြစ်ပွားကြောင်း  သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းအနီးရှိရေမြောင်း အုတ်ခုံအောက်၌ ပေါက်ကွဲထားသည့် PVC ပိုက်နှင့် ဓာတ်ခဲအပိုင်းအစ များ တွေ့ရှိရပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း တစ်လုံးအား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ ပြုလုပ်သိမ်းဆည်းခဲ့သည်။

ထို့အတူ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းနှင့် တန်ဆောင်းကြီးလမ်းထောင့်ရှိ အမှတ်(၆) အခြေခံပညာ မူလတန်းကျောင်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းခြံစည်းရိုးအနီး၌ ပေါက်ကွဲထားသည့် PVC ပိုက်၊ ဆားကစ် ပြားနှင့် ဓာတ်ခဲအပိုင်းအစများအား တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် ၎င်းနေရာအနီး ရပ်တန့် ထားသည့် မော်တော်ယာဉ် ၂ စီး၏ လေကာမှန်များ ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ညနေ ၅ နာရီခွဲတွင် လှိုင်မြို့နယ် (၁၂)ရပ်ကွက်ရှိ လှိုင်တက္ကသိုလ် ခြံစည်းရိုးအုတ်တံတိုင်းဝင်ပေါက်အနီး၌ မသင်္ကာဖွယ်အထုပ်တစ်ထုပ် တွေ့ရှိကြောင်း သတင်း အရ  လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါအထုပ်အတွင်းမှ ဓာတ်ခဲ ၂ လုံး၊ Wifi လွှင့်စက် ၁ ခု၊ ခလုတ် ၁ ခုတို့ဖြင့် ချိတ်ဆက်ထားသည့် PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။