Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၇

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်) စက်ရုံမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ညွှန်ကြားရေးမှူးများနှင့် အထွေထွေမန်နေဂျာများ တက်ရောက်ကြသည်။

ရှေးဦးစွာ သန်လျင်ရေနံချက်စက်ရုံနှင့် စက်ဆီချောဆီစက်ရုံတို့ကို ပြန်လည် လည်ပတ်နိုင်ရေး အတွက် နိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော် ပြီးစီးမှုနှင့် ပတ်သက်၍ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အမှတ် (၁) ရေနံချက် စက်ရုံ (သန်လျင်) စက်ရုံမှူးတို့က ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း အတွက် လိုအပ်သော စက်သုံးဆီ၊ စက်ဆီချောဆီများကို ဖြည့်ဆည်းနိုင်ရေး နည်းလမ်းပေါင်းစုံ စဉ်းစား၍ ကြိုးပမ်းဆောင်ရွက် ကြရန်နှင့် စက်ရုံပြင်ဆင်လည်ပတ်၍ ပြည်တွင်း၌ လိုအပ်သော ကတ္တရာများ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ရန် လိုအပ်သဖြင့် စိတ်ဝင်စားသော အဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကောင်အထည်ဖော်ကြ ရန်ဖြစ်ကြောင်း၊ စက်ဆီချောဆီ စက်ရုံမှ Mono Grade ချောဆီများ အမြန်ထုတ်လုပ်၍ လိုအပ်လျက်ရှိနေသော ဝန်ကြီးဌာန များသို့ အမြန်ဆုံးဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထို့ပြင် Multi Grade ထုတ်လုပ်နိုင်ရေး စက်ပစ္စည်း၊ ဓာတ်ခွဲခန်း သုံးပစ္စည်းနှင့် နည်းပညာလိုအပ်ချက်များကို စဉ်းစားထားပြီး စီမံချက်ကို အမြန်ပြုစုတင်ပြရန်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်သည့်အပြင် ပြင်ပပုဂ္ဂလိက ဝယ်ယူသူများ အရည်အသွေးနှင့် သင်တော်သည့်ဈေးနှုန်းကို ကြိုက်နှစ်သက်ပြီး ဝယ်ယူအားပေး လာကြစေရန် ထုတ်ပိုးမှုစနစ်နှင့် ဝန်ဆောင်မှုစနစ်တို့ကို ပြောင်းလဲကာ Business  ပုံစံအသစ်ဖြင့် တီထွင်ဆန်းသစ် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)စက်ရုံဝင်းအတွင်းရှိ ပေါ်တူဂီဘုရားကျောင်း၊ ရုံး အဆောက်အဦ၊ ဧည့်ရိပ်သာနှင့် အရာထမ်း အိမ်ရာတို့သည် သမိုင်းဝင်အဆောက်အဦများ ဖြစ်သဖြင့် ရှေးမှုမပျက်ပြင်ဆင်မွမ်းမံခြင်း၊ ဆေးသုတ်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ထိန်းသိမ်းပြုပြင်မှုနှင့် ပုံမှန်သန့်ရှင်း သာယာရေးကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း မှာကြားသည်။

ဆက်လက်၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်ရှိ သာကေတ ကမ်းလွန် အခြေစိုက်စခန်းအတွင်း ဆိပ်ကမ်း၊ ရုံးအဆောက်အဦး၊ ပစ္စည်းစုပုံစခန်း၊ သ‌င်္ဘောကျင်းများ ပြုပြင်မွမ်းမံမှုများနှင့် လူမှုရေးတာဝန်သိမှု လုပ်ငန်းဆောင်ရွက်မှုကို မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက တင်ပြရာ  ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းသုံးရေယာဉ်များ သတ်မှတ်စည်းကမ်းချက်နှင့် ကိုက်ညီအောင် ပြုပြင် မွမ်းမံရေး၊ ပစ္စည်းစုပုံ စခန်းများနှင့် ဂိုထောင်များအား အဆင့်မြှင့်တင်ရေး၊ ဌာန၏ လူမှုရေး တာဝန်သိမှု ဆောင်ရွက်မှုများကို သက်ဆိုင်ရာဒေသနေ ပြည်သူများသိရှိပြီး ထိရောက်စွာ အသုံးပြုရေး၊ ပစ္စည်းများစနစ်တကျ ထိန်းသိမ်း သိုလှောင်ရေးနှင့် မီးဘေးအန္တရာယ် ဂရုပြုရေးတို့ကို မှာကြားပြီး စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်မှုနှင့် ကမ်းလွန်အခြေစိုက်စခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)