စစ်တွေ ဒီဇင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက် ၁၁ နာရီခွဲတွင် သံတွဲမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ဆောင်များ၊ စာကြည့်တိုက်နှင့် သိပ္ပံခန်းများသို့ သွားရောက်ကြည့်ရှုပြီး လက်တွေ့ခန်းသုံး ပစ္စည်းများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက် အဆိုပါကျောင်းခန်းမ၌ သံတွဲမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ထမ်းများအနေဖြင့် လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဆက်ဆံရာတွင်လည်းကောင်း၊ ကျောင်းသား ကျောင်းသူများအား စာသင်ကြားရာ တွင်လည်းကောင်း ခွဲခြားဆက်ဆံခြင်းမပြုဘဲ မေတ္တာရှေ့ထား၍ ဆောင်ရွက်ကြစေလိုပါ ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ် ကင်းဝေးရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်၍ သင်ကြား သင်ယူကြရမည် ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် စာတတ်ရန် တစ်ခုတည်းသာ အဓိကမထားဘဲ စာကြိုးစား ၍ လိမ္မာရေးခြားရှိသူများဖြစ်ရန် သင်ကြား လေ့ကျင့်စေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူ များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေး၍ နိုင်ငံတော်ကအားထားရသည့် ပညာတတ် လူငယ်များဖြစ်ရန် ပြုစုပျိုးထောင်မွေးထုတ် ပေးစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းများအတွက် လိုအပ်သည့် ရေသန့်စက်၊ ရေစင်များ၊ လျှပ်စစ်မီး မရှိသည့် ကျောင်းများအတွက် ဆိုလာစနစ်သုံး ရေတင်စက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)