Skip to main content

တမူး၊ ရေးနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၁၇

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီခွဲတွင် တမူးမြို့၊ မြို့မ (၁၂-က) ရပ်ကွက်၊ အောင်ချမ်းသာ လမ်းတွင် ကျော်ဆွေကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ကိုလည်းကောင်း။

ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၁နာရီတွင် ခေါဇာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ရေးမြို့နယ်၊ ခေါဇာမြို့၊ ကိုးမိုင်ကျေးရွာအုပ်စု၊ ကိုးမိုင်ကျေးရွာအနီး၊ ရော်ဘာခြံရှိ အောင်မြင့်စိုး (ခ) အထူး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၅,၈၃၂ ပြား၊ လက်လုပ်ဂက်စ် သေနတ် ၁ လက်၊ တူမီးသေနတ် ၁ လက်၊ ခဲသီး ၈၅ လုံး၊ နေအိမ်ခြံဝင်း အတွင်းရှိ ဘိန်းစာပင် ၆ ပင်မှ ဘိန်းစာရွက် သုည ဒသ ၀၈ ကီလို ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၃ နာရီတွင် သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သံဖြူဇရပ် မြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ ရဲတံခွန်ကျေးရွာအနီးတွင် ဇင်မောင်မောင် (ခ) အရှည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ် ဆေးပြား ၁,၅၅၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)