နေပြည်တော် ဒီဇင်ဘာ ၁၇
သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ သုတေသနအကြံပေးကော်မတီ (Research Advisory Committee) ဒုတိယအကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက သုတေသနလုပ်ငန်းများ ရေးဆွဲဆောင်ရွက်သည့်အခါတွင် နိုင်ငံအတွက် အမှန်တကယ်လိုအပ်သည့် သုတေသနလုပ်ငန်းများ၊ ဆောင်ရွက်သင့်သည်များကို အခြေခံပြီး ရရှိလာသည့် သုတေသနရလဒ်များကို လက်တွေ့အသုံးချရန်လိုအပ်ကြောင်း၊ သစ်တော သုတေသန လုပ်ငန်းများကို ၁၉၁၄ ခုနှစ်ကပင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၇၈ ခုနှစ်တွင် သစ်တောသု တေသနဌာနကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ကြောင်း၊ သစ်တောသုတေသနဌာန တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး သစ်တောသိပ္ပံဆိုင်ရာ သုတေသန စာတမ်းပေါင်း ၅၁၃ စောင်ကို ထုတ်ဝေ နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း။
ဝန်ကြီးဌာနအနေဖြင့် သစ်တော၊ သတ္တု၊ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနများကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဟန်ချက်ညီညီ ဆောင်ရွက်ရန်အရေးကြီးပြီး အရည်အသွေး ပြည့်မီသော လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊ အချို့သောသုတေသန လုပ်ငန်းများအတွက် သတ္တုကဏ္ဍနှင့် သစ်တောကဏ္ဍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊ ပတ်ဝန်း ကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရရှိနိုင်မည့် သုတေသနများ၊ ကာလတို/ကာလရှည် သုတေ သနလုပ်ငန်းများကို ဖော်ထုတ်ဆောင်ရွက်နိုင်ရန်အတွက် အားနည်းချက်အားသာချက်များကို သုံးသပ်အကြံပြုကြရန်၊ သတ္တုကဏ္ဍတွင် ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရန်နှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက်သင့်သည့် ဒီဇိုင်းများ ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီအဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)