နေပြည်တော် ဒီဇင်ဘာ ၁၇
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်ဌာနအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဝန်ကြီးဌာနအဖွဲ့အစည်း(၃၄)ခုမှ ညွှန်ကြားရေးမှူးအဆင့် သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဌာနအဖွဲ့အစည်းများ အနေဖြင့် မိမိတို့ ရေးဆွဲသည့် စီမံကိန်းများ၊ အသုံးပြုသည့် ဘတ်ဂျက်များသည် ပြည်သူများနှင့်သက်ဆိုင်သည့် ပြည်သူ့ဘဏ္ဍာများကို သုံးစွဲဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ပြည်သူများအကျိုး ဖြစ်ထွန်းစေရန်၊ နိုင်ငံတော်ကို နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်၍ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်စေရန် ရည်မှန်းချက်များဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အသုံးစရိတ်သုံးစွဲမှု မှန်သမျှအကျိုးရှိစေရန်၊ ထိရောက်စေရန်၊ အလေအလွင့် မရှိစေရန် သုံးစွဲရမည်ဖြစ်ကြောင်း၊ ရသင့်ရထိုက်သော ရငွေများကိုလည်း အခွန်အကောက် ရငွေ ဖြစ်စေ၊ အခွန်အကောက် မဟုတ်သော ရငွေဖြစ်စေ၊ အပြည့်အဝရရှိနိုင်စေရန် စဉ်ဆက်မပြတ် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ သင်တန်းမှာရရှိခဲ့တဲ့ အတွေ့အကြုံများကို စီမံကိန်းများ၊ ဘတ်ဂျက်များ မရေးဆွဲမီ ပြင်ဆင်ခြင်းမှစ၍ ရေးဆွဲခြင်း၊ စိစစ်ခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ် စစ်ဆေးခြင်း၊ အစီရင်ခံ တင်ပြခြင်းအဆုံး လုပ်ငန်းစဉ် အဆင့်ဆင့်မှာ ထည့်သွင်းအသုံးချ ကြရမည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ပို့ချပေးခဲ့သည့် သင်ခန်းစာများကို မိမိတို့ဌာန၊ အဖွဲ့အစည်း၏ လုပ်ငန်းနယ်ပယ်တွင် လက်တွေ့ပြန်လည် အသုံးချနိုင်ရန် ကြိုးစားရမည် ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် စွမ်းရည်ပြည့်ဝသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုလုပ်ငန်းများ ဖြစ်စေရန် ထိထိရောက်ရောက် ပံ့ပိုးပေးကြပါရန် ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများက သင်တန်း သား/သူ များကို သင်တန်းဆင်းလက်မှတ်များ ပေးအပ် သည်။ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်း ကျောင်းတွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသင်တန်းများ၊ ကာလတို အထူး သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဘာသာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။ ယခု ဖွင့်လှစ်သည့် အထူးမွမ်းမံသင်တန်းသည် ညွှန်ကြားရေးမှူးအဆင့် အရာရှိကြီးများအတွက်ဖြစ်ပြီး သင်တန်းသား (၃၉) ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)