Skip to main content

ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၇) နှင့် အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၈) တို့၏ သင်တန်းဆင်း အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၇

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) တွင် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၇) နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၈) တို့၏ သင်တန်းဆင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်  အဆိုပါ တက္ကသိုလ်ရှိ နီလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက သင်တန်းကာလအတွင်း နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူများအကြား ပေါင်းကူးတံတားဖြစ်သဖြင့် နိုင်ငံတော်အပေါ် ပြည်သူများ၏ယုံကြည်မှုရရန် ဝန်ထမ်းများသည် အဂတိတရားကင်းပြီး စည်းမျည်း စည်းကမ်းနှင့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ကြရန် လိုပါကြောင်း။ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ခဲ့သည့် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အဓိကစံတန်းဖိုးများ ဖြစ်သည့် ရိုးသားခြင်း (Honesty)၊ ဖြောင့်မတ်သမာဓိရှိခြင်း (Integrity)၊ ဓမ္မဓိဋ္ဌာန်ကျစွာ ပြုမှုခြင်း (Objectivity)၊ ဘက်မလိုက်ခြင်း (Impartiality)၊ စရိုက်လက္ခဏာ(Ethos)၊ ကိုယ်ကျင့် တရား (Ethics)၊ တန်းတူညီမျှမှု (Equity)၊ စွမ်းဆောင်ရည်ပြည့်ဝမှု (Efficiency) စသည်တို့ကို လေးစားလိုက်နာရန် လိုအပ်ပါကြောင်း။

သင်တန်းက အရာရှိကြီးများ၏ စီမံခန့်ခွဲမှုစွမ်းရည်များကို ပိုမိုတိုးတက်လာစေပြီး နိုင်ငံ့ဝန်ထမ်း လောက ခေတ်မီဖွံ့ဖြိုးတိုးတက်လာအောင် တစ်စိတ်တစ်ပိုင်း အထောက်အကူပြုစေမည်ဟု မျှော်လင့်မိပါကြောင်း။ ဝန်ထမ်းကောင်းဟူသည် နိုင်ငံ့ဝန်ထမ်းများ၏ ကျင့်ဝတ်သိက္ခာများကို လေးစားလိုက်နာ စောင့်ထိန်းပြီး မိမိတတ်သိနားလည်မည့် အရည်အချင်းများပိုင်ဆိုင်အောင် လေ့လာဆည်းပူးရုံသာမက မိမိတို့၏ လုပ်ငန်းတာဝန်များကို ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်နိုင်စွမ်းရှိသူများအဖြစ် အစဉ်ကြိုးပမ်းထမ်းဆောင်ကြရန်။ နိုင်ငံတော်၏ စီမံအုပ်ချုပ်မှု ယန္တရားအတွင်း ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ စေတနာကောင်းဖြင့် တာဝန် ယူမှု၊ တာဝန်ခံမှုရှိစွာ ပူးပေါင်းဆောင်ရွက် ကြရန်နှင့် အနာဂတ်တွင် ဝန်ထမ်းအဖွဲ့အစည်းအကြီး အမှူးကောင်းများအဖြစ် နိုင်ငံ့တာဝန်များကို တိုးမြင့်ထမ်းဆောင်နိုင်ကြပါစေဟု ဆန္ဒပြု ပြောကြားသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းအောင် လက်မှတ်များ ချီးမြှင့်သည်။

အဆိုပါ သင်တန်းဆင်း အခမ်းအနားသို့ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးသင်တန်း အမှတ်စဉ် (၇) မှ သင်တန်းသား (၁၂)ဦး၊ သင်တန်းသူ (၉)ဦး၊ စုစုပေါင်း (၂၁)ဦးနှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၈) သို့ သင်တန်းသား (၂၅)ဦး၊ သင်တန်းသူ (၂၀)၊ စုစုပေါင်း(၄၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၈)ပါတ် ကြာမြင့်သည်။

ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တက္ကသိုလ်တွင်း ဖွင့်လှစ်ဆဲ သင်တန်း များ၏ လေ့ကျင့်သင်ကြားမှုနှင့် တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)