Skip to main content

ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၇

၂၀၂၁ ခုနှစ်  ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်က စတင်ကျင်းပခဲ့ပြီး နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ပြပွဲ ၉၅ ပွဲ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲ ၁၉ ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ယခုကျင်းပသည့် ၂၀၂၁ ခုနှစ်  ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြပွဲသည့် နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ၉၆ ပွဲမြောက်ဖြစ်ကြောင်း သိရသည်။

ပြပွဲပထမနေ့တွင် ပြည်တွင်း/ ပြည်ပ  ရတနာကုန်သည်များသည် နံနက် ၉ နာရီမှစတင်၍ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထား သည့် ပုလဲအတွဲများ၊ ကျောက်စိမ်း အတွဲများနှင့် ခန်းမအပြင်၌ သတ်မှတ်နယ်မြေအလိုက်ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်ကြည့်ရှုလေ့လာကြသည်။

ယခုပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲများအတွက် အနိမ့်ဆုံးအခြေခံဈေးမှာ အမေရိကန်ဒေါ်လာ (၁) ထောင်ဖြစ်ပြီး ကျောက်စိမ်းအတွဲများ အတွက် သတ်မှတ်ထားသည့် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရိုငွေ (၅) ထောင်ဖြစ်ကြောင်း၊ ပုလဲအတွဲများကို ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ကျောက်စိမ်းအတွဲများကို ဒီဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ခင်းကျင်းပြသသွားမည် ဖြစ်ကာ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း/ ပြည်ပ ရတနာကုန်သည်များကို ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)