Skip to main content

ရန်ကုန်မြို့၌ ပထမဆုံး ရေဂါလန်တစ်သိန်းငံ့ရေစုကန် တည်ဆောက်မှု ၄၀ ရာခိုင်နှုန်းပြီးစီး

ရန်ကုန် ဒီဇင်ဘာ ၁၆

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းရှိ ရန်ကုန်မြို့တော်ခန်းမအတွင်း၌ ပထမဦးဆုံး ရေဂါလန် တစ်သိန်းဆံ့ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရေစုကန်တည်ဆောက်နေမှု ၄၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“အဓိကတော့ ဆူးလေဘုရားလမ်းတစ်ဝိုက်နဲ့ မဟာဗန္ဓုလလမ်းတစ်လျှောက် အပါအဝင် မြို့တော်ခန်းမဝန်းကျင်မှာ မိုးတွင်းကာလ နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာမို့ မိုးတွင်းကာလ ရေကြီးရေလျှံဖြစ်ပေါ်နေမှုကို ဒီရေစုကန်မှာစုပြီး မိုးတိတ်သွားတဲ့အချိန်မှာ ပန့်နဲ့စုပ်ထုတ်ဖို့အတွက် ရေဂါလန် တစ်သိန်းဆံ့ ရေစုကန်တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။ အချိန်ကြာမိုးရွာသွန်းနေရင်လည်း ပန့်နဲ့စုပ်ထုတ်မှာဖြစ်သလို မြောင်းကျော်လာတဲ့ရေတွေကိုပါ ပန့်နဲ့စုပ်ထုတ်မှာဖြစ်ပါတယ်။ ဒါရန်ကုန်မြို့မှာ ပထမဦးဆုံးဆောက်လုပ်လိုက်တဲ့ မိုးရေကိုစုမယ့်ကန်ဖြစ်ပြီး မိုးကြီးတာ၊ ရေလျှံတာနဲ့လမ်းပေါ်  ရေတင်မှုအတွက် ပထမဦးဆုံးတည်ဆောက်လိုက်တဲ့ မိုးရေစုကန်ပဲဖြစ်ပါတယ်။ ဒီမိုးရေစု ကန်တည်ဆောက်ပြီး စီးသွားပြီဆိုရင်တော့ မိုးတွင်းကာလ နှစ်စဉ်ပြည်သူတွေ ကြုံတွေ့နေကြရတဲ့ ရေကြီးရေလျှံဖြစ်ပေါ်မှု မရှိတော့မှာ ဖြစ်ပြီးမြို့ထဲ ပတ်ဝန်းကျင်ဖြတ်သန်းသွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့ စိတ်အေးချမ်းသာစွာ ဖြတ်သန်းသွား လာနိုင်ကြတော့မှာဖြစ်ပါတယ်ဟု အင်ဂျင်နီယာဌာန (ရေစီး ရေလာစီမံခန့်ခွဲမှု) ဦးစီးအရာရှိ ဒေါ်မိုးမိုးအေး က ပြောသည်။

အဆိုပါ ရေဂါလန် တစ်သိန်းဆံ့မည့် ရေစုကန်မှာ  အလျားပေ ၇၀၊ အနံ ၃၃ ပေနှင့် အနက် ခုနစ်ပေရှိပြီး မိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းချိန်နှင့် မြစ်ရေတက်ချိန် တိုက်ဆိုင်ပါက ရန်ကုန်မြို့လယ်တွင် ယာယီရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိခြင်းကြောင့် မိုးရေများအား ယာယီသိုလှောင်နိုင်ရန်အတွက် တည်ဆောက်နေခြင်း ဖြစ်သည်။ လမ်းပေါ်မှရေများအား ရေစုကန်အတွင်း နည်းလမ်းအဖုံဖုံဖြင့် စီးဝင်စေ၍ ယာယီ ရေစုသိုလှောင်ပြီး မဟာဗန္ဓုလလမ်းရှိ ယခင်မြေအောက်ရေမြောင်းမှတစ်ဆင့် မဟာဗန္ဓုလပန်းခြံအတွင်း၌ရှိသော အနက်ငါးပေရှိသည့် ရေမြောင်းသို့ စီးဆင်းစေမည်ဖြစ်ကာ ဆူးလေဘုရားလမ်းမြစ်ထွက်ပေါက် မှတစ်ဆင့် ရန်ကုန်မြစ်အတွင်း ရေများစီးဆင်းနိုင်ရန် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ရေစီးရေလာကောင်းမွန်စေမည်

ရေစုကန်တည်ဆောက်ပြီးစီးပါက ဆူးလေဘုရားလမ်း  တစ်ဝိုက်၊ မဟာဗန္ဓုလလမ်းတစ်လျှောက်အပါအဝင် မြို့တော်ခန်းမ ဝန်းကျင်တို့၌ မိုးတွင်းကာလ နှစ်စဉ်၊ နှစ်တိုင်းဖြစ်ပေါ် နေသောရေကြီးရေလျှံမှုများမှာ ပပျောက်သွားမည်ဖြစ်၍ ရေစီးရေလာကောင်းမွန်စေမည် ဖြစ်သည်။ ရေစုကန်တည်ဆောက်ရေး စီမံကိန်းအတွက် ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်က လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  တည်ဆောက်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာလာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီဒုတိယ  အပတ်၌ တည်ဆောက်ပြီးစီးရန်လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

သတင်း-ပွင့်သစ္စာ၊ ဓာတ်ပုံ-စိုးမြင့်အောင်