Skip to main content

ပဲခူးမြို့နယ်တွင် နိုင်ငံသားတိုင်း မှတ်ပုံတင်ကိုင်ဆောင်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့် လုပ်ဆောင်ပေးမှု လျာထားချက်ထက် ကျော်လွန်ပြီးစီး

ပဲခူး ဒီဇင်ဘာ ၁၆

ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေး၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများနှင့် ရပ်ရွာအေးချမ်းသာယာ လုံခြုံမှုရှိစေရေး လုပ်ဆောင် ရာတွင် သက်ဆိုင်ရာဌာနများနှင့် အတူရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ကူညီပံ့ပိုးပေးမှုကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် က ပြောကြားသည်။

ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပဲခူးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ပန်းခင်းစီမံချက်လျာထားချက် ရာနှုန်းပြည့်အောင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပဲခူးမြို့နယ်အတွင်းရှိ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မိမိတို့မြို့ ရပ်ကွက်/ကျေးရွာများ လုံခြုံမှုရရှိရေးအတွက် လုံခြုံရေးအမြင်ရှိရန် လိုအပ်ကြောင်း၊ နိုင်ငံသားတိုင်း မှတ်ပုံတင် ကိုင်ဆောင်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့် လုပ်ဆောင်ပေးရာတွင် ပဲခူးမြို့နယ်အနေဖြင့်  လျာထားချက် ကျော်လွန်ပြီဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများကဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးများနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားကြပြီး တိုင်းဒေသကြီး  ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်