Skip to main content

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် လမ်းတစ်လျှောက် မြို့သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၆

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် လမ်းတစ်လျှောက် သန့်ရှင်း သာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၏ ပုံမှန်ထိန်းသိမ်းခြင်း လုပ်ငန်းများဖြစ်သည့် လမ်းမကြီးတစ်လျှောက် မြက်ဖြတ်ခြင်း၊ ပုံသွင်းခြင်း၊ အကိုင်းရှင်းခြင်း၊ သဲကျွေးခြင်းနှင့် ရေလောင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မကြာမီခြောက်သွေ့သောရာသီသို့ ရောက်ရှိတော့မည်ဖြစ်၍ လမ်းမကြီးများ တစ်လျှောက် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် အနီးရှိ နှင်းဆီပန်းအဝိုင်းတွင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အဝိုင်းပေါ်ရှိ သက်တမ်းရင့်အလှပန်းပင်များကို အစားထိုးလဲလှယ် စိုက်ပျိုးသွားရန်၊ ရေ/မီးစနစ်များကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရန်၊ ပုံသွင်းရသည့် ပန်းအလှပင်များကို ညီညာသေသပ်စွာ ပုံသွင်းဆောင်ရွက်ရန်နှင့် နှင်းဆီပန်းအဝိုင်းကို အစဉ်အမြဲ သာယာလှပရေး ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်