နေပြည်တော် ဒီဇင်ဘာ ၁၆
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် ကာကွယ်တားဆီးနိုင်ရေး ဝန်ကြီးဌာနများအကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း က လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးသည် နိုင်ငံပေါင်း(၈၅)နိုင်ငံတွင် ကူးစက်ဖြစ်ပွားလျက်ရှိပြီး အရှေ့တောင်အာရှဒေသတွင်းနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ တွင်လည်း တွေ့ရှိနေရပြီဖြစ်ပါကြောင်း၊ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ဝင်ရောက်လာမှု စောင့်ကြပ်ကြည့်ရှုခြင်းအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ တပ်မတော်ဆေးသုတေသနတပ်တို့နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိ အမှတ်ပြုဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်အထိ ပြည်တွင်း၌ အိုမီခရွန် ရောဂါပိုး မတွေ့ရှိသေးပါကြောင်း၊ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ထားနိုင်နေပြီဖြစ်ပြီး နေ့စဉ် ရောဂါပိုးစစ်ဆေးတွေ့ရှိနှုန်းအနေဖြင့် (၂) ရာခိုင်နှုန်း ခန့်သာရှိသည်ကို တွေ့ရှိရပါကြောင်း။
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ရောဂါဖြစ်ပွားမှု စတင်ကျဆင်းလာစဉ်အချိန်ကပင် နိုင်ငံတော် ဝန်ကြီးချုပ်ကလည်း နောက်ထပ်လှိုင်းတစ်ခုအဖြစ် ဖြစ်ပွားမလာစေရေးအတွက် ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက်ထားရှိရန်နှင့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်အဖြစ် စတင်ကြေညာသည့်အချိန်ကပင် မိမိတို့နိုင်ငံအတွင်းသို့ အဆိုပါရောဂါပိုးဝင်ရောက်ကူးစက်မှု မဖြစ်ပွားစေရေးတောင် အာဖရိကနှင့် ဘော့ဆွာနာနိုင်ငံများမှ ခရီးသည်ဝင်ရောက်မှုများ၏ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခြင်းလုပ်ငန်းကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီသို့ တင်ပြလမ်းညွှန်မှုခံယူပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း။
ကိုဗစ်-၁၉ ရောဂါမှာ လူအချင်းချင်းထိတွေ့ရာမှ ကူးစက်ခြင်းဖြစ်၍ အပြည့်အဝတားဆီးနိုင်ရန် ခက်ခဲပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ရှေ့တွင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လှိုင်းများသည် နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက အတန်ငယ်နောက်ကျ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါ၍ ယခု အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး ဝင်ရောက်မလာစေရေး တတ်နိုင်သမျှ အချိန်ကြာကြာ တားဆီး ထားနိုင်ခြင်းဖြင့် ပြည်တွင်း၌ ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုမြှင့်တင်ထားရှိနိုင်ခြင်းနှင့် ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ပိုမိုပြင်ဆင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ရောဂါပိုးဆိုင်ရာအချက် အလက်များကို ပိုမိုသိရှိနိုင်မည်ဖြစ်ပြီး ပြင်ဆင်ကာကွယ်မှုများပြုလုပ်ရန် အချိန်ပိုမိုရရှိမည် ဖြစ်ပါကြောင်း၊ မျိုးရိုးဗီဇပြောင်းရောဂါပိုး ပြည်ပနိုင်ငံများမှ ကူးစက်ဝင်ရောက်မှု တားဆီးနိုင်ရေးအတွက် လက်ရှိကျင့်သုံးနေသော မူဝါဒများကို ရောဂါကူးစက်မှုသဘာဝအရ ပြောင်းလဲကျင့်သုံးဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများ၊ အားနည်းချက်နှင့် လိုအပ်ချက်များကို ဌာနအသီးသီးမှ ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် လူမှုစီးပွားလုပ်ငန်းများ ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း၊ ဦးတည်အုပ်စုများတွင် ဟိုတယ်နှင့်ခရီးသွား လာရေးကဏ္ဍနှင့် စက်ရုံအလုပ်ရုံ လုပ်ငန်းဆောင်ရွက်သူများတို့အား ထည့်သွင်း၍ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဦးစားပေး ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အတူ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးမှုများကြောင့် အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများနှင့် Hotel Quarantine ကိစ္စရပ်များတွင် ပိုမို အဆင်ပြေအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
နိုင်ငံတကာနှင့်အိမ်နီးချင်းနိုင်ငံများတွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး ရောက်ရှိ ကူးစက်မှု မြင့်မားလာချိန်တွင် နယ်စပ်ဒေသများနှင့် လေကြောင်းခရီးလမ်းမှတစ်ဆင့် နိုင်ငံခြားမှ ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ထံမှ ရောဂါပိုးကူးစက်ဝင်ရောက်နိုင်မှုများကို တားဆီးကာကွယ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြစေလိုပါကြောင်း၊ ထို့အပြင် မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးတွေ့ရှိလာပါကလည်း ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က လွန်ခဲ့သော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုလှိုင်းများအတွင်း၌ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍတွင်လည်း လုပ်ငန်းများ နှောင့်နှေးခဲ့ရပါကြောင်း၊ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းချိန်တွင် ကန့်သတ်မှုများ ဖြေလျှော့ခဲ့သော်လည်း အချို့ခရီးသွားနေရာများတွင် ရောဂါပိုးပြန်လည်တွေ့ရှိရသဖြင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ပြန်လည်ဆောင်ရွက်ခဲ့ရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ယှဉ်တွဲနေထိုင်ရာတွင် No-one is safe until everyone is safe ဟု ဆိုသကဲ့သို့ မိမိတို့တစ်ဦးချင်းစီမှ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းလိုက်နာ ဆောင်ရွက်သည့်အခါမှသာ ရလဒ်ကောင်းများရရှိမည် ဖြစ်ပါကြောင်း။
လူမှုစီးပွားဖွံဖြိုးတိုးတက်ရေး ဖြေလျှော့မှုများကြားတွင် စည်းမျဉ်းစည်းကမ်းလိုက်နာမှုများ တဖြည်းဖြည်း လျော့ကျလာပါက ရောဂါကူးစက်မှုပြန်လည် မြင့်တက်လာမည်ဖြစ်ပြီး နိုင်ငံတော် ဝန်ကြီးချုပ်မှလည်း စည်းမျဉ်းစည်းကမ်းတင်းကြပ်မှုများကို ဂရုစိုက်ဆောင်ရွက် ကြရန် လမ်းညွှန် မှာကြားထားပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က ဆွေးနွေးကြသည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးသည် အိမ်နီးချင်းနိုင်ငံများတွင် တွေ့ရှိနေရပြီဖြစ်ပြီး မိမိတို့ နိုင်ငံသို့ အချိန်မရွေးဝင်ရောက်လာနိုင်သည့် အခြေအနေတွင်ရှိပါကြောင်း၊ အဆိုပါ ရောဂါပိုး ဝင်ရောက် မလာစေရေးအတွက် တတ်နိုင်သမျှဆောင်ရွက်၍ အချိန်ဆွဲထားရန်လိုအပ်ပါကြောင်း၊ အိုမီခရွန်ရောဂါပိုးနှင့်ပတ်သက်၍ လိုအပ်ချက်နှင့်အညီ မူဝါဒ၊ လမ်းညွှန်ချက် ပြောင်းလဲမှုများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နေရသည်ဖြစ်ပြီး နှီးနွှယ်ဌာနဆိုင်ရာများသို့လည်း အချိန်မီအကြောင်းကြား ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)