Skip to main content

လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး

နေပြည်တော် ဒီဇင်ဘာ ၁၅

ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကြောင့် ကဏ္ဍပေါင်းစုံ၌ ထိခိုက်မှုများကြုံတွေ့နေရချိန်တွင် လယ်ယာ သားငါးကဏ္ဍ စိုက်ပျိုး ထုတ်လုပ်မှု နှင့် ကုန်သွယ်စီးဆင်းမှုကိုလည်း သက်ရောက်လာလျက်ရှိရာ တောင်သူ လယ်သမားများ အပါအဝင် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများထိခိုက်ခံရမှု သက်သာစေရန်၊ စိုက်ပျိုးရေး ကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှု နှင့် မွေးမြူရေးနှင့်ရေလုပ်ငန်း ကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ကြသည်။

အစည်းအဝေးတွင် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး နည်းလမ်းများနှင့်အညီ လုပ်ငန်း ခွင့်နှင့်လိုက်လျော ညီထွေသည့် နေ့စဉ်လူနေမှုစနစ်ပုံးစံသစ်ဖြင့် အရှိန်အဟုန်မပျက် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ စိုက်ပျိုး မွေးမြူရေး အခြေခံသည့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများပုံမှန်လည် ပတ်နိုင်ရေးအတွက်  ခေတ်စနစ်နှင့်အညီ လုပ်သာကိုင်သာရှိသည့် ဖြေလျှော့မှုများ ဆောင်ရွက်ပေးခြင်း နှင့်အတူ လိုအပ်ချက်များ ဖြည့်ဆည်း ပံ့ပိုးကူညီပေးနိုင်ရေး အတွက် သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် စီမံဆောင် ရွက်သွားရန် လိုအပ်ချက်များ၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများကို ကုစားရာ၌ ကာလတိုအတွင်း ဖြည့်ဆည်းပေးနိုင်ရေးနှင့် လိုအပ်ပါက ကာလရှည် အမျိုးသားအဆင့် စီမံကိန်းနှင့်ချိတ်ဆက် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

 (သတင်းစဉ်)