နေပြည်တော် ဒီဇင်ဘာ ၁၅
ကွတ်ခိုင်ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင့်၀င့်မြိုင် (ပျို) ၅ဝ နှစ် (ဘ) ဦးမောင်မောင်အား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ တစ်ဖွဲ့က သေနတ်ဖြင့် အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၄ ရက်နေ့ ညဦးပိုင်း၌ ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီး ၅ ဦးနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင့်ဝင့်မြိုင် ဦးစီး ၅ ဦးတို့သည် ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာ၌ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီမှ စတင်၍ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ညနေ ၆ နာရီခန့်တွင် မော်တော်ယာဉ် ၂ စီးဖြင့် တာမိုးညဲသို့ ပြန်လည်ထွက်ခွာလာရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစီးအဖွဲ့သည် တာမိုးညဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ကာကွယ်ဆေး ထိုးနှံမှုမှတ်တမ်း ခေတ္တဝင်ရောက်ယူနေစဉ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင့်ဝင့်မြိုင်နှင့် ၅ ဦးပါ အဖွဲ့သည် ကွတ်ခိုင်မြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။
ထိုသို့ ထွက်ခွာလာခဲ့စဉ် ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့် မော်ဟန်နှင့် နောင်ချို ကျေးရွာဟောင်းအကြား ရောက်ရှိစဉ် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ (စိစစ်ဆဲ) က မော်တော်ယာဉ်အား ရပ်တန့်ခိုင်း၍ ယာဉ်ပေါ်ပါလာသူများအား ဆင်းခိုင်းခဲ့ပြီး ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင် တစ်ဦးတည်းကိုသာ လက်နက်ငယ်ဖြင့် အနီးကပ် ရက်ရက်စက်စက် ပစ်ခတ်ခဲ့သဖြင့် နေရာ၌ပင် ထိမှန်ဒဏ်ရာများဖြင့် လဲကျခဲ့သည်။ အဆိုပါ လက်နက်ကိုင်အဖွဲ့က ကျန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် မော်တော်ယာဉ်အား မီးပိတ်၍ တာမိုးညဲဘက်သို့ ပြန်လည်မောင်းနှင်ရန် ပြောကြားခဲ့၍ မော်ဟန်ဘက်သို့ ပြန်လည်မောင်းနှင်ခဲ့သည်။ တာမိုးညဲ၌ ကျန်ရှိခဲ့သည့် ဒုတိယမြို့နယ်ဦးစီးမှူးအဖွဲ့သည် ကွတ်ခိုင်သို့ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ရောက်ခဲ့သော်လည်း မြို့နယ်ဆရာဝန်ကြီးနှင့် အဖွဲ့များ ရောက်ရှိမှုမရှိသဖြင့် လိုက်လံဆက်သွယ်ခဲ့ရာ ည ၁၁ နာရီခန့်တွင် မြို့နယ်ဆရာဝန်ကြီး၏ ယာဉ်မောင်းက အထက်ပါဖြစ်စဉ်ကို ဖုန်းဖြင့် သတင်းပို့ခဲ့ရာတွင် လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် ညအမှောင်ထုအတွင်းမှ ၎င်းတို့အား ကားပေါ်မှ ဆင်းစေရန် မြန်မာဘာသာစကားဖြင့် ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် ၎င်းတို့အချင်းချင်း ပြောဆိုရာ၌ ဂျိမ်းဖောဘာသာစကားသံဖြင့် ပြောကြားခဲ့ကြောင်း သိရှိရသည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့များနှင့် ဒေသခံလူမှုရေးအဖွဲ့တို့မှ လိုက်လံရှာဖွေခဲ့ရာ နောင်ချိုကျေးရွာဟောင်းအနီး တာမိုးညဲကွတ်ခိုင်သွား ကားလမ်း ဝဲဘက်ခြမ်း၌ လက်နက်ငယ်ထိမှန် ဒဏ်ရာ ၅ ချက်ဖြင့် သေဆုံးနေသည့် မြို့နယ်ဆရာဝန်ကြီးအား တွေ့ရှိခဲ့သဖြင့် ပြန်လည်သယ်ဆောင် ခဲ့ရာ ည ၁၂ နာရီခွဲခန့်တွင် ပြည်သူ့ဆေးရုံသို့ရောက်ရှိခဲ့သည်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင့်ဝင့်မြိုင်မှာ လားရှိုးဇာတိဖြစ်သည့်အပြင် ကွတ်ခိုင်ပြည်သူ့ဆေးရုံ၌ ၂၀၀၂ ခုနှစ်ကပင် စေတနာထား၍ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအားလုံး အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပါ ရင်းနှီးကျွမ်းဝင်သူ ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦးဖြစ်ပါသည်။
သို့ရာတွင် မြို့နယ်ဆရာဝန်ကြီးအား CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းမရှိခဲ့၍ ခြိမ်းခြောက်စာများ ပို့ဆောင်ခြင်းများရှိခဲ့သဖြင့်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး အကာအကွယ်ပေးထားသူတစ်ဦးလည်းဖြစ်သည်။
ယခုဖြစ်စဉ်၌ ကွတ်ခိုင်မှ ၇ဝ ကီလိုမီတာခန့် ဝေးသည့် မုံးစီးတွင် ဒေသခံတိုင်းရင်းသားများအတွက် ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုမရှိစေရေး ကာကွယ်ဆေးထိုးနှံပေးရန် သွားရောက်သည့် နေ့ချင်းပြန် ခရီးဖြစ်ခြင်း၊ ဒေသခံပြည်သူများ၏ အားပေးထောက်ခံမှု ရရှိသူဖြစ်ခြင်း၊ ယခုကဲ့သို့ အငြိုးများစွာဖြင့် အကြမ်းဖက်သတ်ဖြတ်ခံရရန် မမျှော်လင့်ခြင်းတို့ကြောင့် ယခုခရီးစဉ်၌ သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းများ ခေါ်ယူခြင်းမပြုခဲ့သဖြင့် ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ရခြင်း ဖြစ်ပါသည်။
ယခုလို ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦး မမျှော်လင့်ဘဲ အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာမှုကြောင့် သေဆုံးခဲ့ရမှုအတွက် ဒေသခံတိုင်းရင်းသား ပြည်သူများက စိတ်ထိခိုက်ခြင်း၊ ဒေါသထွက်ရခြင်း ရှိနေကြသလို နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနအတွက် ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦး ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရသည်။ ယခုဖြစ်စဉ်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ အကြမ်းဖက် ဆောင်ရွက်ခဲ့ကြသည့် လက်နက်ကိုင်အဖွဲ့အား မြေပြင်တွင် ရှင်းလင်းဖော်ထုတ်လျက်ရှိရာ ဒေသခံပြည်သူများကလည်း ရရှိသည့် သတင်းကွင်းဆက်များအား သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူများထံသို့ လျှို့ဝှက်သတင်းပို့ပေးကြပါရန် သက်ဆိုင်ရာမှ မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။