နေပြည်တော် ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်းစာနာထောက်ထားမှုကူညီရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Center) မှတစ်ဆင့် ပေးအပ်သည့် အာဆီယံ၏လူသားချင်း စာနာထောက်ထားမှု အကူအညီများ စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းအဖွဲ့ (Task Force)၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေး ကို လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သက်သက်ခိုင်နှင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဒုတိယအဆင့် ကူညီပံ့ပိုးမှု
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပထမအဆင့် ကူညီပံ့ပိုးမှုသည် အသက်ကယ်ဆယ်မှု အကူအညီများဖြစ်သည့် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အပံ့ဆိုင်ရာ အကူအညီများဖြစ်ပါကြောင်း၊ ဒုတိယအဆင့်အဖြစ် အသက်တည်မြဲရေး ကူညီပံ့ပိုးမှုများဖြစ်သော လူသားချင်း စာနာထောက်ထားမှု အကူအညီများဖြင့် စတင်တော့မည်ဖြစ်ကြောင်း၊ ပထမအဆင့်အကူအညီများ လက်ခံရရှိစဉ်က အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံသို့ ရောက်ရှိဖြန့်ဖြူးနိုင်ရေး သက်ဆိုင်ရာဌာန အသီးသီးမှပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သကဲ့သို့ပင် ဒုတိယအဆင့် ကူညီပံ့ပိုးမှုများသည် ပိုမိုကျယ်ပြန်သည့်အတွက် ယခုထက်ပို၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွား ရန်လိုအပ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာ သက်ခိုင်ဝင်းက ပထမအဆင့် ကူညီပံ့ပိုးမှုများ နှင့်ပတ်သက်၍ နိုင်ငံတော်မူဝါဒ လမ်းစဉ်များနှင့်အညီ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ အဆင်ပြေ ချောမွေ့စွာဖြင့် လက်ခံ ရယူခဲ့ပြီး ဖြန့်ဖြူးပေးဝေရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ပြင် လှူဒါန်းသည့် အဖွဲ့အစည်းများ၏ တောင်းဆို ချက်များအပေါ် မူတည်၍ ခွင့်ပြုချက်ရယူကာ ဖြန့်ဝေပေးမှုများ လည်းရှိပါကြောင်း၊ အမှန်တကယ် လိုအပ်နေသည့် ပြည်သူများအတွက် အကျိုးရှိစေမည့် ဆေးဝါးများ လက်ခံရရှိရေးအတွက်လည်း လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် နေပါကြောင်း ဆွေးနွေးပြောကြားသည်။
လိုအပ်သူများထံ ပေးနိုင်ရေး
ယင်းနောက် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သက်သက်ခိုင်က ဒုတိယအဆင့် ကူညီပံ့ပိုးမှုများ နှင့်ပတ်သက်၍ ယခင်အတွေ့ အကြုံကောင်းများကို အခြေခံကာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာဌာန များနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဒုတိယအဆင့် ကူညီပံ့ပိုးမှုများ လက်ခံ၊ ဖြန့်ဖြူးရာတွင် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများ အတွက်လည်း ကြိုတင်ပြင်ဆင်ကာ အမှန်တကယ် လိုအပ်နေသူများထံ ဖြန့်ဖြူးပေးနိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ (Task Force)အဖွဲ့ ဝင်များက ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကြံပြုသုံးသပ် တင်ပြကာ ဖြည့်စွက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်