စစ်တွေ ဒီဇင်ဘာ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာတို့သည် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် ကိုယ်ပွားသတင်းစာတိုက်တို့ကို သွားရောက် ကြည့်ရှုကြသည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တာဝန်ရှိသူများ၊ ကျောင်းသားဟောင်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများကို ညှိနှိုင်းဆွေးနွေးကြသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ရေး၊ လူထုအခြေပြုဗဟိုဌာနအဖြစ် အဆင့်မြှင့်တင်ရေးတို့နှင့် ပတ်သက် ၍ ဆွေးနွေးမှာကြားကာ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်း ရုပ်မြင်သံကြား လွှမ်းခြုံထုတ်လွှင့်နိုင်ရေးအခြေ အနေများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အများပြည်သူဝန်ဆောင်မှု မီဒီယာပုံစံဖြင့် ပြုပြင်ပြောင်းလဲ ထုတ်လွှင့်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။ ထို့နောက် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ထပ်ဆင့်လွှင့်စက်ရုံ ၂၅၈ ရုံဖြင့် တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထုတ်လုပ်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်း စက်ရုံ ၁၆ ရုံဖြင့် လည်းကောင်း၊ ရေဒီယို/ FM တို့ဖြင့် လည်း ကောင်း လွှမ်းခြုံထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းနောက် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွားသတင်းစာတိုက် (စစ်တွေ) ကို ရောက်ရှိပြီး နေ့စဉ်သတင်းစာများ ပုံနှိပ်ထုတ်ဝေမှု အခြေအနေကို ကြည့်ရှု၍ ပုံနှိပ်စောင်ရေ တိုးမြှင့်ဖြန့်ချိနိုင်ရေး ကိစ္စများကို ဆွေးနွေးမှာကြားကာ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် စစ်တွေမြို့ View Point၊ ကမ်းနားလမ်းနှင့် စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့ကြသည်။
သတင်းစဉ်