Skip to main content

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH, NUG နှင့် PDF အမည်ခံအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ အပေါ် ပြင်းထန်စွာပြစ်တင်ရှုံ့ချကြောင်း သတင်းထုတ်ပြန်ခြင်း

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH, NUG အမည်ခံအဖွဲ့များနှင့် ၎င်းတို့၏ လက်ဝေခံ PDF အဖွဲ့များအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို အခြေခံသည့် နိုင်ငံရေးရည်မှန်းချက်ကို ရရှိစေရန် အတွက် နိုင်ငံတော်တည်ငြိမ်းအေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် အကြမ်းဖက် လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ထိုသို့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရာတွင် အကြမ်းဖက်သမားများသည် စစ်ရေးဆိုင်ရာ ပစ်မှတ်များကို ရင်ဆိုင်တိုက်ခိုက်မှုအစား အပြစ်မဲ့ ပြည်သူလူထုအား ဒလန်အဖြစ်စွပ်စွဲ သတ်ဖြတ်ခြင်း၊ တာဝန်သိ နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ပညာရေးနှင့် ကျန်းမာရေး အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်း စသည့် လူသားချင်းစာနာ ထောက်ထားမှုမရှိသည့် လုပ်ရပ်များကို ကျူးလွန် လျက်ရှိသည်။ မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် တိုင်ပြည်၏ အဓိကအကျဆုံးသော ကဏ္ဍများအဖြစ် သတ်မှတ်ထားပြီး အလေးထား ဆောင်ရွက်လျက်ရှိမှုကို ထိခိုက် ပျက်ပြားစေရန် ယခုကဲ့သို့ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်နေခြင်းသည် နိုင်ငံတကာ စံနှုန်းနှင့် ကျင့်ဝတ်များအရ လက်ခံနိုင်ဖွယ်မရှိပါ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာအား ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ္တရယူထိန်းသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်ရေး ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များ ချမှတ်ကာ မမှိတ်မသုန်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် လတ်တလောရင်ဆိုင်ရလျက် ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှု နှင့်ပတ်သက်၍ လူ့အသက်ထက် အရေးကြီးသည့်အရာမရှိဟူသည့် မူဝါဒ ကိုချမှတ်ကာ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံအတွင်းရှိ အသက် ၁၈ နှစ်အထက် လူမျိုး၊ ဘာသာ၊ ကျား၊ မ မရွေး ၅၀ ရာခိုင်နှုန်းအထက် ကာကွယ်ဆေးထိုးနှံနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ အလားတူ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာနှင့် တက္ကသိုလ်အဆင့်ကျောင်းများအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် ထိခိုက်နစ်နာမှုမရှိစေရေး ဆောင်ရွက်ခဲ့ရာ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး မကြာမီကာလအတွင်း တက္ကသိုလ်အဆင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ရည်မှန်းချက်ထားရှိ၍ ဆောင်ရွက်လျက် ရှိသည်။ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားစဉ် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသက် ၁၂ နှစ်အထက် အခြေခံပညာ‌ ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ပြန်လည် ဖွင့်လှစ်မည့် တက္ကသိုလ်များတွင်လည်း ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီး ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ၏အရေးကြီးသော အခန်းကဏ္ဍများဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေးကိစ္စရပ်များကို အထူးအလေးပေး ဆောင်ရွက်နေသည့် ကာလအတွင်း အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH, NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် လက်နက်ကိုင်ဆောင်ထားခြင်းမရှိသော ပညာရေးနှင့်ကျန်းမာရေး ဝန်ထမ်းများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေ ကျန်းမာရေးဝန်ထမ်း ဖြစ်သည့် သူနာပြု ဆရာမ ဒေါ်ချမ်းမြငြိမ်း နှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့အား PDF အမည်ခံအကြမ်း ဖက်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့သည့်အတွက် တာဝန်သိကျန်းမာရေး ဝန်ထမ်း ၁ ဦးဖြစ်သည့် ဒေါ်ချမ်းမြငြိမ်းမှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ရသည်။ အကြမ်းဖက်သမားများ၏ မိုင်းထောင်ခြင်း၊ ဗုံးခွဲဖျက်ဆီးခြင်းတို့ကြောင့် စာသင်ကျောင်း ၄၇၃  ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ရက်စက်စွာလုပ်ကြံ သတ်ဖြတ်မှုကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အထိ ပညာရေးဝန်ထမ်း ၁၄ ဦးသေဆုံး၍ ၂၃ ဦးဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဆေးရုံ၊ ဆေးခန်း ၂၅ ခု ဗုံးခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ကာ ကျန်းမာရေးဝန်ထမ်း ဦး သေဆုံး၍ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် နိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ထိုကဲ့သို့ ပြည်သူလူထု၏ ပညာရေးနှင့် ကျန်းမာရေးတာဝန်များအား လစ်ဟင်းမှုမရှိစေရေး နိုင်ငံ၏တာဝန်များကို တာဝန်သိစွာဖြင့် ကျေပွန်စွာထမ်း ဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများကို မိမိထောက်ခံသည့် တစ်ပါတီကောင်းစားရေးအတွက် အကြမ်းဖက်တိုက်ခိုက် လုပ်ကြံသတ်ဖြတ်လျက် ရှိသော အကြမ်းဖက်သမားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုံ့ချပါသည်။ ၎င်းအပြင် အခြားသော ဘာသာရေးဆိုင်ရာ ရဟန်းသံဃာများနှင့် နေရာများကို ပစ်မှတ်ထားအကြမ်းဖက် တိုက်ခိုက်ခြင်းအပါအဝင် အပြစ်မဲ့တိုင်းရင်းသားပြည်သူများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ လုပ် ဆောင်နေခြင်းကို မဖြစ်မနေရပ်တန့်သွားရန် အသိပေးပါသည်။ အကြမ်းဖက် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေပါက ပြည်သူလူထုပြည့်ဝစွာ ပူးပေါင်းပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။