Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၁) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်    ဒီဇင်ဘာ   ၁၄

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာအမျိုးသား ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယစာရင်းစစ်ချုပ်၊  တာဝန်ရှိသူများ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က  အမှာစကားပြောကြား ရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေး သည် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး ပထမဆုံးကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် ဆင်းရဲမှုလျှော့ချရေးနှင့်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော လူသားအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ပါ လုပ်ငန်းအစီအစဉ်များနှင့် တိုးချဲ့ဆောင်ရွက်ရန် ရှိသော လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်း များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် “လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာအမျိုးသားကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ အမိန့်ကြော်ငြာစာအမှတ်(၁၄/၂၀၂၁)ဖြင့် ကော်မတီဝင်(၁၂)ဦးနှင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်း ခဲ့ကြောင်း။

လုပ်ငန်းတာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် “လုပ်ငန်းကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း။

၂၀၁၄ ခုနှစ်ကတည်းက အတည်ပြုထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မဟာဗျူဟာစီမံချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုကို ပြန်လည်သုံးသပ်ကြည့်ပါက တိုးတက်မှုများ ရှိသည်ကို တွေ့ရမည်ဖြစ်သကဲ့သို့ ပိုမိုကောင်း မွန်အောင် ဆောင်ရွက်ရန် လိုအပ်နေသေးသည့် အကြောင်းအရာများကိုလည်း တွေ့ရကြောင်း၊ အထူး သဖြင့် ၂၀၂၀ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်အတွင်း မျှော်လင့် မထားဘဲ ကြုံတွေ့ရသည့် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကြောင့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ ပေးရေး အစီအစဉ်များ၏ အကောင်အထည်ဖော်မှု ပုံစံများကိုလည်း ပြောင်းလဲဆောင်ရွက်ခဲ့ရကြောင်း။

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ၏ အရေးပါမှုကို ပိုမိုသတိထား မိလာကြကြောင်း၊ မိမိတို့ကော်မတီ များအနေဖြင့် အနာဂတ်တွင် အလားတူ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးများနှင့် ကြုံတွေ့လာနိုင်ပါက ပိုမိုကောင်းမွန်စွာ ချက်ခြင်းတုံ့ပြန်နိုင်ရေးအတွက် ယခုတွေ့ကြုံနေရသည့် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ အခြေအနေအပေါ် သင်ခန်းစာဖော် ထုတ်ပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားရမည့် လုပ်ငန်းများနှင့် အစီအမံများကို ဆက်လက်ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် “လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Social Management Information System-SMIS)”ကို စတင်တည်ဆောက်နေပြီဟု သိရကြောင်း၊ ထိုအရာသည် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် အရေးပါသည့် တိုးတက်ဖြစ် ထွန်းမှု တစ်ခုလည်း ဖြစ်ကြောင်း၊ “လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက် အလက်စနစ် တည်ဆောက် ပြီးသည့်အခါ အဆိုပါ စနစ်ကို ထိရောက်စွာ အသုံးပြုနိုင်ရန်နှင့် ရေရှည်တည်တံ့ နိုင်ရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆက်လက် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

ထပ်မံမြင်တွေ့ခဲ့ရသည့် တိုးတက်ဖြစ်ထွန်းမှုအနေဖြင့် ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက် သည့် နေရာ၌ “Electronic Cash Transfer နည်းလမ်း ကို အသုံးပြုပြီး “ဧရာဝတီတိုင်းဒေသကြီး နှင့် “ရှမ်းပြည်နယ် တို့တွင် ဆက်လက်စမ်းသပ် ဆောင်ရွက်သွားမည်ဟု သိရကြောင်း၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများ ပြုလုပ်သည့်အခါ ကနဦးကာလတွင် အခက်အခဲများများစွာ တွေ့ကြုံရ နိုင်ပါ ကြောင်း၊ ယင်းအခက်အခဲများအပေါ် သင်ခန်းစာရယူကာ ပိုမိုကောင်းမွန်အောင် ဆက်လက် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် အောင်မြင်မှုများနှင့် တိုးတက်ဖြစ်ထွန်းမှုများသာမက အခက်အခဲနှင့် စိန်ခေါ်မှုများစွာ ရှိနေသည်ကို နားလည်သဘောပေါက် ထားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက် ရောဂါဖြစ်ပွားနေသည့်ကာလတွင် မြေပြင်ကွင်းဆင်း ဆောင်ရွက်နိုင်မှု အကန့် အသတ်ရှိသည်များ၊ မူလစီစဉ်ထားသည့် လုပ်ငန်းများကို ပြောင်းလဲဆောင်ရွက် ရသည်များနှင့် အခြားသော ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေမှု အခြေအနေ များနှင့် ဆက်စပ်သည့် အခက်အခဲများကိုလည်း ကြုံတွေ့ခဲ့ကြရကြောင်း။

ထို့ပြင် လက်ရှိအကောင်အထည်ဖော်ဆဲ “ငွေကြေးအထောက် အပံ့ပေးရေး အစီအစဉ်များ နှင့် “ဆက်လက်တိုးချဲ့ဆောင်ရွက်သွားရန် ရှိသည့် လူမှု ကာကွယ် စောင့်ရှောက်ရေးအစီအစဉ်များ အတွက် ရေရှည်ရန်ပုံငွေ ရရှိရေး သည် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည့်အတွက် “ရေရှည် ရန်ပုံငွေရရှိရေး မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ မဟာဗျူဟာတစ်ရပ် ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် စတင်ဆောင်ရွက်နေပြီဟု သိရှိရကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေးအစီ အစဉ်များ ရေရှည်တည်တံ့ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ ကျောထောက် နောက်ခံပြုထားနိုင်ရန် ပိုမိုအရေး ကြီကြောင်း၊ ထို့အတွက် တာဝန်ခံဝန်ကြီး ဌာနဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးအ  ထောက်အပံ့ဆိုင်ရာ ဥပဒေ (မူကြမ်း) ပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် နိုင်ငံတော်၏ အဓိကမဟာဗျူဟာမြောက် အစီအစဉ်ဖြစ်သည့် “မြန်မာနိုင်ငံ၏ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP)”တွင် ပါဝင်သည့် အဓိကလုပ်ငန်းတစ်ခု ဖြစ် ကြောင်း၊ ထို့ပြင် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများသည် နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုစီးပွား အခက်အခဲများကို တာဝန်ယူဖြေရှင်း ပေးရမည်ဆိုသည့် နိုင်ငံတော်အစိုးရနှင့် နိုင်ငံသူ နိုင်ငံသား များအကြားရှိ ကတိကဝတ် တစ်ခုအတွက် လက်တွေ့ဆောင်ရွက်မှု လုပ်ငန်းစဉ် တစ်ခုပင် ဖြစ်ကြောင်း။

မိမိတို့ မြန်မာ့သမိုင်းကို ပြန်ကြည့်ပါက ပုဂံခေတ် မြန်မာ့လူမှု ကာကွယ် စောင့်ရှောက်ရေးနှင့် ပတ်သက်၍  ကျန်စစ်သားမင်းကြီး၏ ရွှေစည်းခုံဘုရား ကျောက်စာပါ “ငါ၏ယာလက်ဖြင့် ဆန်စပါးရိက္ခာကို ပေးအံ့၊ ငါ၏ဝဲလက်ဖြင့် ဝတ်စားတန်ဆာကိုပေးအံ့၊ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့အား နှစ်သိမ့်ပါအံ့ဆိုသည့် စာသားသည် ယနေ့ခေတ် မြန်မာ့လူမှုကာကွယ် စောင့်ရှောက်ရေး၏ ရှေ့ပြေးမူဝါဒ ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် “လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း များသည် နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်ပြီး ပြည်သူလူထုကို တိုက်ရိုက် အကျိုးရှိစေသည့် လုပ်ငန်း ဖြစ်သည်ကြောင့် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ပေါင်းစပ်ညှိနှိုင်းရေးနှင့် ရန်ပုံငွေရရှိရေး ကိစ္စရပ်များတွင် ဝန်ကြီးဌာန များအကြား၊ ဝန်ကြီးဌာနများ နှင့် မိတ်ဖက်အဖွဲ့ အစည်းများအကြား ထိရောက်စွာပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ရန် တိုက်တွန်းပြောကြား လိုကြောင်း။

ယနေ့အစည်းအဝေးကို တက်ရောက်လာကြသူများ အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအ နေများ၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများနှင့် အကြံပြုချက်များကို ပွင်းလင်းစွာဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သက်သက်ခိုင်က ဆောင်ရွက် လျက်ရှိသည့် လူမှုကာ ကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ် များကိုလည်းကောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ တိုးချဲ့ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ဆက်လက် ဆောင်ရွက်သွားရန်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမြင့်ကြိုင်နှင့် ဒေါက်တာ သက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများက  လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ထောက်ပံ့ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီအစည်းအဝေး (၁/၂၀၂၁)၏ ဆုံးဖြတ်ချက် မူကြမ်းများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)