Skip to main content

အာဆီယံ-တရုတ် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့် အထူးအစည်းအဝေး တက်ရောက်

နေပြည်တော်   ဒီဇင်ဘာ   ၁၄

အာဆီယံ-တရုတ် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့် အထူးအစည်းအဝေးကို ယနေ့တွင် ထိုင်းနိုင်ငံက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက်သည်။

အစည်းအဝေးကို အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေးနှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး Mr.Wang Zhigang ၊ ထိုင်းနိုင်ငံ၊ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ် တီထွင်မှုဆိုင်ရာ ဝန်ကြီး ပါမောက္ခ Dr. AnekLaothamatas ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် အာဆီယံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့က အဖွင့်အမှာစကားများ ပြောကြားသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အနာဂတ်အတွက် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ အာဆီယံ-တရုတ် ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (ASEAN-China Plan of Action for a Closer Partnership of Science, Technology and Innovation for Future 2021-2025 -ACPASTI) နှင့်စပ်လျဉ်း၍ ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာတိုးတက်မှုနဲ့ ဒစ်ဂျစ်တယ် စီးပွားရေးကို ရင်ဘောင်တန်းနိုင်ရန် အရေးကြီးကြောင်း၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ပြည်သူ့ကျန်းမာရေး၊ သိပ္ပံနှင့်နည်း ပညာ၊ ပညာရေး၊ ယဉ်ကျေးမှု၊ အလုပ်သမားနှင့် လူမှုဖူလုံရေး၊ သဘာဝပတ်ဝန်းကျင်၊ မီဒီယာ၊ လူငယ်၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုတို့ အပါအဝင်နယ်ပယ်အမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေရန်နှင့် ဒေသတွင်းငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေသည့် ဒီလုပ်ငန်းအစီအစဉ်ကို ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သိပ္ပံနှင့် နည်းပညာဆိုင်ရာဝန်ကြီးများက အနာဂတ်အတွက် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                     

(သတင်းစဉ်)