Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ခြင်း (၁၃-၁၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက် လျက်ရှိရာ (၁၂-၁၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၁၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၅,၂၀၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၅၀) ဦးတွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၆၄) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၈၀၉,၂၂၆) ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၂၆,၉၁၁) ဦး ရှိပြီ ဖြစ်ပါသည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၃၂၆) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၅၀၃,၄၃၃) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၅) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၁၈၈) ဦး ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများအား ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုရေး ရက်သတ္တပတ်အလိုက် ဓာတ်ခွဲနမူနာရယူစစ်ဆေးမှု၊ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိရမှုနှင့် ရောဂါပိုးတွေ့ရှိမှုနှုန်း အခြေအနေများအား စောင့်ကြပ် ကြည့်ရှုလျက်ရှိရာ အပတ်စဉ် (၄၇)၊ အပတ်စဉ် (၄၈) နှင့် အပတ်စဉ် (၄၉) တို့ကို နှိုင်းယှဉ်ချက် အရ  ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုနှင့် ပျမ်းမျှရောဂါပိုးတွေ့ရှိမှုနှုန်းများမှာ အပတ်စဉ်အလိုက် လျော့နည်း ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးသည် (၁၃-၁၂-၂၀၂၁) ရက်နေ့၊ နံနက် (၀၆:၀၀) နာရီအချိန်အထိ နိုင်ငံပေါင်း (၇၁) နိုင်ငံတို့တွင် ပျံ့နှံ့လျက်ရှိကြောင်းသိရှိရပြီး အာဖရိကနိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင် ကောင်၊ ဩစတြေးလျနိုင်ငံ အစရှိသည်တို့တွင် အတည်ပြုတွေ့ရှိရပြီး ဖြစ်သည့်အပြင် အိမ်နီး ချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ ဖြစ်ကြသော မလေးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ နီပေါနိုင်ငံနှင့် မော်လဒိုက်နိုင်ငံ တို့တွင်လည်း တွေ့ရှိကြောင်း သိရှိရပါသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) နှင့်ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားမှု အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြပ် ကြည့်ရှုလျက်ရှိကာ မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်ကူးစက်မှုမရှိစေရန် အချိန်နှင့်တစ်ပြေးညီ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါ၍ ပြည်သူလူထုအနေဖြင့်လည်း အဆိုပါရောဂါပိုးနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ တစ်ဦးချင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊ သံသယရောဂါလက္ခဏာ ရှိသူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ခြင်း၊ အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူ များကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေး ခြင်းစသည်တို့ကို မမေ့မလျော့ သတိပြု၍ ဆောင်ရွက်ကြပါရန်နှင့် မိမိတို့နိုင်ငံသို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲများ ဝင်ရောက်ကူးစက်မလာစေရေး ကျန်းမာရေးဝန်ကြီးဌာနက ကြိုးပမ်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို ကျရာကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြပါရန် အသိပေး တိုက်တွန်းနှိုးဆော်အပ်ပါသည်။

COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။