Skip to main content

မုံရွာမြို့၊ အလုံရပ်ကွက်၊ ချမ်းသာကြီးဘုန်းကြီးကျောင်းတွင် GDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် များအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG အဖွဲ့များသည် နိုင်ငံရေးအမည်ခံ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုမရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ၎င်းအကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရာတွင် အသုံးပြုမည့် လက်နက်၊ ခဲယမ်းများကိုလည်း နည်းမျိုးစုံဖြင့် နိုင်ငံအတွင်းပို့ဆောင်၍ အများပြည်သူ ယုံကြည်ကိုးကွယ်ရာဖြစ်သော ဘုန်းတော်ကြီး ကျောင်းအချို့တွင် သိုဝှက်သိမ်းဆည်းခြင်း၊ ဘာသာရေးအရ ကိုးကွယ်ယုံကြည်မှုကို အလွဲသုံးစား ပြုလုပ်၍ အကြမ်းဖက်လုပ်ငန်းများကို အားပေးခြင်း၊ ကိုယ်တိုင်ပြုလုပ်ခြင်းများ လုပ်ဆောင်လျက် ရှိသည်။

ထိုသို့ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နိုင်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ ဝင်များကလိုအပ်သည့် စုံစမ်းရှာဖွေဖော်ထုတ်မှုများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၂ ရက်တွင် မုံရွာမြို့၊ အလုံရပ်ကွက်၊ မြို့ဦးရပ်ရှိ ချမ်းသာကြီးဘုန်းကြီးကျောင်းအတွင်း၌ GDF အမည်ခံအကြမ်းဖက်သူများ ရောက်ရှ ိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ ကျောင်းတိုက် အတွင်း၌ ဩဘာသ(ခ)အောင်ဇော်ထွန်း (၄၉)နှစ်၊ သိန်းစိုးမင်း (ခ)ကိုစိုး(၄၀)နှစ်၊ မျိုးသူ(၂၅)နှစ်၊ အောင်ချစ်(၂၁)နှစ်၊ ကျော်ဇင်(၃၀)နှစ်၊ သူရိန်စိုး(၁၆) နှစ်၊ စောမင်းထိုက်(၂၁)နှစ်၊ ရဲထက်(ခ) ရဲထွဋ်ဇော်(၂၉)နှစ်နှင့် ခိုင်ဇော်ဦး (၃၅)နှစ်၊ ပေါင်း ၉ ဦးတို့အား လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်လေသေနတ် ၅ လက်၊ လက်လုပ်သေနတ်တို ၁ လက်၊ ပြုလုပ်ဆဲလက်လုပ်သေနတ် ၇လက်၊ လက်လုပ်ကျည်ခွံ ၉၆ ခု၊ ပြုလုပ်ဆဲလက်လုပ်ဗုံး ၇ လုံး၊ ၇.၆၂ ကျည် ၃ တောင့်၊ ပွိုင့်-၂၂ ကျည် ၂၀ တောင့်၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စောမင်းထိုက် သည် ဇွန်လမှ ဇူလိုင်လထိ ကျော်ဇင် ဖမ်းဆီးရန်ကျန် အောင်ကြီး၊ ပိတောက်၊ ဇော်လေး၊ ငဦး၊ ဂျိုးမောင် တို့နှင့်အတူ ကနီမြို့၊ လက်ပံစုကျေးရွာတွင် အကြမ်းဖက်သင်တန်းအား တက်ရောက် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံ ဩဘာသ(ခ)အောင်ဇော်ထွန်း၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ (တတိယပတ်)တွင် ဖမ်းဆီးရန်ကျန် မွတ်တီးမှ PDF အမည်ခံအကြမ်းဖက်အချို့ အား ကျောင်းတိုက်၌ နေထိုင်ခွင့်ပြုရန် တောင်းခံခဲ့သဖြင့် ခွင့်ပြုပေးခဲ့ရာ နိုဝင်ဘာလ (စတုတ္ထပတ်) တွင် ဖမ်းဆီးရန်ကျန် မွတ်တီးနှင့် ဖိုးသားကြီး(ခ)နိုင်မင်းထက် တို့၏ ချိတ်ဆက်ပေးမှုဖြင့် သိန်းစိုးမင်း(ခ)ကိုစိုး အပါအဝင် ၁၁ ဦးသည် လက်လုပ်သေနတ်များပြုလုပ်ရန် ကျောင်းတိုက်၌ လာရောက်နေထိုင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံ သိန်းစိုးမင်း(ခ)ကိုစိုး၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် ဖိုးသားကြီး(ခ) နိုင်မင်းထက်မှ နိုဝင်ဘာလတွင် လက်လုပ်သေနတ်နှင့် လက်လုပ်ခဲယမ်းများ ပြုလုပ်ပေးရန် အကူအညီတောင်းခံခဲ့သဖြင့် မျိုးသူ၊ အောင်ချစ်၊ ကျော်ဇင်၊ သူရိန်စိုး၊ စောမင်းထိုက်၊ ရဲထက်(ခ) ရဲထွဋ်ဇော် ဖမ်းဆီးရန်ကျန် မွတ်တီး၊ ဇော်ဝင်း၊ အောင်ခန့်ကျော်၊ ရဲရင့်အောင်၊ ဘွတ်တီးတို့နှင့်အတူ အလုံရပ်ကွက်၊ ချမ်းသာကြီးဘုန်းကြီးကျောင်း၌ လက်လုပ်သေနတ် ၁၅ လက်ခန့် ပြုလုပ်ခဲ့ပြီး ဘုတလင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ထံသို့ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် ပေးပို့လျက် ရှိကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံ ကျော်ဇင်၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် ဖက်တီး ၏ စေခိုင်းမှုဖြင့် ဩဂုတ်လ(ပထမပတ်)တွင် သိန်းစိုးမင်း(ခ)ကိုစိုး ဖမ်းဆီးရန်ကျန် ဖက်တီး၊ ကတုံး၊ ဖြိုးကို၊ ဒေါက်တာ၊ ထွန်းထွန်း၊ ခန့်ခန့် တို့နှင့်အတူ မုံရွာမြို့နယ်၊ သာစည်ရွာအနီးရှိတောင်တစ်လုံး တောင်တွင် လက်လုပ်သေနတ် ၁၂ လက်ခန့်အား လည်းကောင်း၊ အောက်တိုဘာလတွင် ကနီမြို့နယ်၊ လက်ပံစုရွာ အနီးတွင် စောမင်းထိုက်၊ ဖမ်းဆီးရန်ကျန် ဇော်လေး၊ ဝေမိုးစည်၊ မောင်ကြောင်၊ ပီရ၊ အောင်ကြီး၊ ပိတောက် တို့ဖြင့် လက်လုပ်သေနတ် ၁၂ လက်ခန့်အားလည်းကောင်း ပြုလုပ်ခဲ့ပြီး ဘုတလင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ထံသို့ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန်ပေးပို့လျက်ရှိကြောင်း ဖော်ထုတ် သိရှိရသည်။

ဖမ်းဆီးရမိတရားခံ သိန်းစိုးမင်း(ခ)ကိုစိုး ၏ ထွက်ဆိုချက်အရ သိမ်းဆည်း ရမိသည့် ခဲယမ်းများအား ဒီဇင်ဘာလ ၉ ရက်တွင် ဖမ်းဆီးရန်ကျန် ဖိုးသားကြီး(ခ) နိုင်မင်းထက်မှ ဂျူးသြဘာသ (ခ) အောင်ဇော်ထွန်းထံ ပေးအပ်ရန်ပြောကြားခဲ့သဖြင့် သွားရောက်ပေးအပ်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

နိုင်ငံတော်အား အလုံးစုံပျက်သုန်းရေးအတွက် အကြမ်းဖက်အုပ်စုဖြစ်သည့် NUG အနေဖြင့် ပြည်သူလူထု၏ ဘာသာရေးယုံကြည်မှုအပေါ် ခုတုံးလုပ်ကာ သံဃာတော် အယောင်ဆောင်သူများ၊ ဘာသာရေးဆရာတော် အယောင်ဆောင်သူများအားအသုံးချ၍ ဘာသာရေးဆိုင်ရာ အဆောက် အဦများနှင့် ပရဝဏ်များတွင် အကြမ်းဖက်ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သိုဝှက်သိမ်း ဆည်းခြင်းများ ပြုလုပ်လာကြောင်း တွေ့ရှိရသဖြင့် ပြည်သူများအနေဖြင့် ကိုးကွယ်ယုံကြည်ရာ ဘာသာအလိုက် အသိတရား လက်ကိုင်ထားလျက် နိုင်ငံတော်အစိုးရ၏ ဓမ္မစက်၊ အာဏာစက်များဖြင့် ထိရောက်စွာဖော်ထုတ် အရေးယူ ဆောင်ရွက်မှုများ၌ ဘာသာရေးအရေခြုံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်သတင်းများကို နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန် အပ်ပါသည်။