နေပြည်တော် ဒီဇင်ဘာ ၁၃
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အရာထမ်းလောင်းအခြေခံ၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ်(၈) သင်တန်းဖွင့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ၊ အဖွဲ့ဝင်ဦးဆန်းမြင့်၊ ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)၊ ပါမောက္ခချုပ် ဦးကျော်စိုး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေ၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာ ပြည်)မှ ဒုတိယ ပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ က ယခုသင်တန်းကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ကျင်းပသည့် ပြန်တမ်းဝင် အရာရှိ စတင်ခန့် ရာထူးစာမေးပွဲများကို ဖြေဆိုအောင်မြင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်း အရာထမ်းလောင်းများနှင့် ပြင်ပမှ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးယန္တရားအတွင်းမှာ စတင် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းလောင်း များကို နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို နားလည်စေရန်၊ ရုံးလုပ်ငန်းနှင့် အဖွဲ့အစည်းဆိုင်ရာ ပြည်သူ့ရေးရာ စီမံခန့်ခွဲအုပ်ချုပ်မှုပညာတို့ကို ကျွမ်းကျင်တတ်မြောက်စေရန်၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ခေါင်းဆောင်မှု သဘောတရားများကို နားလည်စေရန်၊ အဆင့်ဆင့်ကွပ်ကဲ အုပ်ချုပ်မှု လုပ်ငန်းစဉ်များကို တတ်သိနားလည်စေရန်၊ ပြည်တွင်း၊ ပြည်ပနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများကို လေ့လာဆည်းပူးနိုင်စေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်မှု၊ ညှိနှိုင်းဆောင်ရွက်တတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ချစ်ခင်ရင်းနှီးမှုများ ပိုမိုရရှိစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ စိတ်နေသဘောထား ကောင်းမွန်သည့် ဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါ ကြောင်း။
သင်တန်းကို COVID စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး လိုအပ်သည့် နေထိုင် စားသောက်ရေးနှင့် ဝတ်စားဆင်ယင်မှုကအစ လေ့ကျင့်သင်ကြားမှုကိစ္စရပ်များ အတွက် နိုင်ငံတော်က ခွင့်ပြုပေးနိုင်သည့် ရန်ပုံငွေပမာဏအတွင်းက ဖြစ်နိုင်သမျှ အကောင်းဆုံးဖြစ်ရန် ကြိုးပမ်း ဆောင်ရွက်ပေးထားပါကြောင်း၊ သင်တန်းသားများ အနေနှင့် တူညီဝတ်စုံကို ဝတ်ဆင်ကာ သင်တန်း တက်ရောက်ခြင်း၊ တပ်ခွဲ၊ တပ်စုနှင့် အဆောင်လိုက် ရင်းရင်းနှီးနှီး နေထိုင်ခြင်းဖြင့် စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်ခြင်း၊ အမိန့်နာခံတတ်ခြင်းနှင့် အဖွဲ့လိုက် စုပေါင်းလုပ်ကိုင် ဆောင်ရွက် တတ်စေရန် ဖြစ်ပါကြောင်း၊ သင်တန်းဆိုင်ရာ လေ့ကျင့်စီမံခန့်ခွဲမှုစနစ်အရ နေ့စဉ်အချိန်မှန် လေ့ကျင့်ခြင်း၊ စားသောက်ခြင်း၊ စုပေါင်းနေထိုင် လုပ်ဆောင်ခြင်း အစရှိသည့် အလေ့အကျင့်ကောင်း၊ စည်းစနစ်ကောင်းများ ရရှိလာစေရန် လေ့ကျင့်ပေးသွားမည်ဖြစ်၍ သင်တန်းသား၊ သင်တန်း သူများ ကိုယ်တိုင်က လုပ်ချင် ကိုင်ချင်စိတ်၊ တာဝန်ယူလိုစိတ်၊ ပူးပေါင်းဆောင်ရွက်လိုစိတ်၊ တစ်ဦးနှင့် တစ်ဦး ဝိုင်းဝန်းဖေးမ ကူညီလိုစိတ်နှင့် ကြိုးစားသွားကြရန်မှာကြားလိုပါကြောင်း၊ ထို့အပြင် တက္ကသိုလ်က ထုတ်ပြန်ထားသည့် သင်တန်းဝင်ညွှန်ကြားလွှာ၊ စည်းကမ်းများ၊ သင်တန်းဆိုင်ရာ တည်မြဲ အမိန့်၊ ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကို အပြုသဘောလက်ခံပြီး စည်းကမ်းများ နှင့်အညီ ကြိုးစား သင်ယူ အားထုတ်ကြပါရန် တိုက်တွန်းမှာကြားသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၄၃)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၁၃ ရက် မှ ၂၀၂၂ ခုနှစ် မတ်၃၁ ရက်အထိ ရက်သတ္တ(၁၆)ပတ်ကြာမြင့်မည်ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ သည် တက္ကသိုလ်တွင်း ဖွင့်လှစ်ဆဲ သင်တန်းများ၏ လေ့ကျင့် သင်ကြားမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်