Skip to main content

ပေါက်မြို့နယ်ရှိ ကလေးသူငယ်များ ပညာသင်ကြားလျက်ရှိသော စာသင်ကျောင်း တစ်ကျောင်းကို အဖျက်အမှောင့် ဆောင်ရွက်ရန်အတွက် အကြမ်းဖက်သူအမျိုးသား နှစ်ဦးက မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဒီဇင်ဘာ ၁၂

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ သည် ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် ဆေးရုံ၊ စာသင်ကျောင်းများ၊ နိုင်ငံတော်ပိုင် အဆောက် အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများအား ဖောက်ဖွဲတိုက်ခိုက်ဖျက်ဆီးခြင်း၊ ရက်စက် ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ အရွယ်မရောက်သေးသည့် ကလေးသူငယ်များကိုပါ အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်လာစေရန် သွေးထိုး မြှောက်ပင့်၍ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ရန် စေခိုင်းလျက်ရှိသည်။

ထိုသို့စေခိုင်းလျက်ရှိရာ ဒီဇင်ဘာလ ၁၁ ရက် ည ၇ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဆင်ဇာကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကလေးသူငယ်များ ပညာသင်ကြားလျက်ရှိစဉ် အဖျက်အမှောင့်ဆောင်ရွက်ရန်အတွက် ကျောင်းရှေ့ခြံစည်းရိုး အုတ်တံတိုင်းအနီး၌ ခင်တန်းရှည်ကျေးရွာနေ ဝေဖြိုးဦး (၁၇)နှစ် (ဘ) ဦးမျိုးသက် နှင့် ကူးကား ကျေးရွာနေ အောင်ဆန်းငြိမ်း(၁၆)နှစ် (ဘ) ဦးရဲမြင့် တို့ ၂ ဦးသည် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အနီးမှ လက်လုပ်မိုင်း အပိုင်းအစများ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ထိုသို့ စာသင်ကျောင်းအား ဖောက်ခွဲတိုက်ခိုက်ရန်အတွက် မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဝေဖြိုးဦးနှင့် အောင်ဆန်းငြိမ်းတို့ ၂ ဦးအား ဆေးဝါး ကုသမှု ခံယူနိုင်ရေး ပေါက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ၎င်းတို့အား ဥပဒေနှင့် အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာမှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။

ရဲပြန်ကြား