Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်း သူနာပြုဆရာမ ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ၂၄ နာရီ အတွင်း ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၁၃

CRPH နှင့် NUG အမည်ခံ NLD ထောက်ခံအကြမ်းဖက်အဖွဲ့ အစည်းများသည် အလုံးစုံပျက်သုန်းရေး ဦးတည်ချက် များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောက်တရားဖြင့် လွှမ်းမိုးထိန်းချုပ်ရန်အတွက် အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများနှင့် စက်ရုံ/အလုပ်ရုံများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း စသည့် အဖျက်အမှောင့်လုပ်ငန်းများကို ကျူးလွန်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ သည် ဒီဇင်ဘာလ ၁၂ ရက် နံနက် ၇ နာရီခွဲခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း၊ ၁၀၄ လမ်းနှင့် ၁၀၅ လမ်းကြား၌ သူနာပြု ဆရာမ ၁ ဦးနှင့် ၎င်း၏ ခင်ပွန်းတို့အားလည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၃ လမ်း၊ ၅၆(A)လမ်းနှင့် ၅၆(B)လမ်းကြားရှိ ရှမ်းခေါက်ဆွဲဆိုင်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ပြည်သူ ၁ ဦးအား လည်းကောင်း၊ ချမ်းမြသာစည်မြို့ နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၆ လမ်း၊ ၁၀၆ လမ်းနှင့် ၁၀၇ လမ်း၌ သံဃာတော်များ အာရုံဆွမ်းခံကြွနေစဉ် ကပ္ပိယကျောင်းသားအဖြစ် လိုက်ပါဆောင်ရွက်သူအား လည်းကောင်း သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သော အကြမ်းဖက်အဖွဲ့ များအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၁၂ ရက်ညနေ ၆ နာရီခွဲ ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်း နှင့် ၁၁၄ လမ်း၌ အကြမ်းဖက်သတ်ဖြတ်ခဲ့ ရာတွင် ပါဝင်ခဲ့သူ ၁ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ လက်ကိုင်ဖုန်း အတွင်းမှ အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်ရန်ရည်ရွယ်၍ “ဒလန်သတင်းပေးရှင်းလင်းမည့်အစီအမံများ၊ လူမှုကွန်ရက်ပေါ်တွင် ဒလန်ရှင်းလင်းရန်နှင့် အကြမ်းဖက်ဆောင်ရွက်ရန် ဟု တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ပြောဆိုထားသည့် စာသားများ စစ်ဆေးတွေ့ရှိခဲ့သည်။

ဖမ်းဆီးရမိသူ၏ ထွက်ဆိုချက်အရ မဟာအောင်မြေမြို့နယ်၊ သံလျှပ်မှော် အနောက်ရပ်ကွက်၊ ၄၂ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားရှိ သွပ်မိုးထရံကာ နှစ်ထပ် နေအိမ်တွင် အကြမ်းဖက်မှုများဆောင်ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ရန် PDF အမည်ခံအကြမ်းဖက်များ ရောက်ရှိနေကြောင်း သိရှိရသဖြင့် ည ၉ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အကြမ်းဖက်များသည် နေအိမ် အတွင်းမှ ပစ္စတိုသေနတ်များ၊ လက်ပစ်ဗုံးများဖြင့် ပြန်လည်ခုခံပစ် ခတ်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ဝမ်းဗိုက် ကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ) ရရှိခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF အမည်ခံအကြမ်းဖက်သူ ၇ ဦးအား အသေ ဖမ်းဆီးရမိခဲ့ပြီး နေအိမ်အတွင်းမှ ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၅ ခု၊ ဒေသန္တရ လက်လုပ်မိုင်းမျိုးစုံ ၁၉ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၁၀ လုံး၊ ၉ မမကျည် ၆၇ တောင့်၊ အားမြှင့်ယမ်း ၄ ခု၊ ဒီတိုနေတာ ၃ ခု၊ အဝေးထိန်းခလုတ် ၃ ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူ ထပ်မံထွက်ဆိုချက်များအရ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၇ လမ်း၊ ၅၁ လမ်းနှင့် ၅၂ လမ်းကြားရှိ ပျဉ်ထောင်သွပ်မိုးနှစ်ထပ်နေအိမ်တွင် PDF အမည်ခံ အကြမ်းဖက်ဝင်များ ရောက်ရှိနေကြောင်း ထပ်မံသိရှိရသဖြင့် ည ၁၁ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးရာ PDF အမည်ခံအကြမ်းဖက်သူ ၁ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိခဲ့သည့် PDF အမည်ခံအကြမ်းဖက်သူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုများနှင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်သေကြေမှုများ ထပ်မံမဖြစ်ပွားစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်းနှင့် တာဝန်သိ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါရန် မေတ္တာရပ်ခံသတင်းထုတ်ပြန်အပ်ပါသည်။