နေပြည်တော် ဒီဇင်ဘာ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က လိန်းလီကျေးရွာအနီး အထက်ပေါင်းလောင်းဆည်၌ ရေပေါ်လှောင်အိမ်ဖြင့် တီလားပီးယားငါး မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ငါးမွေးမြူရေး တောင်သူများနှင့် တွေ့ဆုံ၍ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ရေချိုငါး ပုဇွန် စီးပွားဖြစ်မွေးမြူနိုင်ရေးအတွက် တောင်သူနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။
ငါးသယံဇာတ ဖွံ့ဖြိုးလာပြီး ဒေသတွင်း ငါးထုတ်လုပ်မှု တိုးတက်လာစေရေး၊ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် မိသားစုဝင်ငွေ တိုးတက်ရေးအတွက် ဆည်၊ ကန်များနှင့် သဘာဝရေ အရင်းအမြစ်အမျိုးမျိုးတွင် ငါးမျိုးများ နှစ်စဉ်စိုက်ထည့် ပေးလျက် ရှိသကဲ့သို့ အခြေအနေပေးသည့် ဒေသများတွင် ရေပေါ်လှောင်အိမ်စနစ် ငါးမွေးမြူရေး၊ အခြား တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင် နိုင်ရေး၊ လွှတ်ကျောင်းစနစ်မှ တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးသည့် စနစ်ထွန်းကားလာရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက နည်းပညာပေးလုပ်ငန်းများအပါအဝင် လိုအပ်ချက်များ ပံ့ပိုး ကူညီပေးလျက်ရှိကြောင်း သိရသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ယာသီးနှံသုတေသနဌာနခွဲသို့ ရောက်ရှိကြပြီး ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဒေသနှင့် ကိုက်ညီသော အထွက်နှုန်းကောင်း အရည် အသွေးကောင်း မျိုးကောင်းမျိုးသန့်များ တောင်သူ့လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေမှုများ၊ အဆင့်မြင့် လယ်ယာဖော်ထုတ်ရေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အတွက် ရေပေးဝေရေး လုပ်ငန်းများကို ဆွေးနွေးပြီး၊ မြေပြန့်ဒေသနှင့် ကိုက်ညီသော အထွက်ကောင်း ပြောင်းဖူးမျိုး သုတေသနစိုက်ခင်းများနှင့် နေကြာစိုက်ခင်းများကို ကြည့်ရှုအားပေး ခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ရွှေမြို့မွေးမြူရေးဇုန်(၂)သို့ရောက်ရှိပြီး မွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ နို့စားနွား၊ ဆိတ်၊ ဒေသနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ရင်းနှီးမြှပ်နှံမှုဆိုင်ရာများ၊ ဒေသ၏ သားငါးရိက္ခာ ဖူလုံစေရေးအတွက် တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ကျည်တောင်ရွာရှိ ပေါင်းလောင်း ရေလှောင်တမံ၏ တမံကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက နှစ်အလိုက် နွေစပါး၊ မိုးစပါး စိုက်ပျိုးရေပေး ဝေနိုင်မှု၊ တမံအား ပုံမှန်ထိန်းသိမ်း စစ်ဆေးနေမှုကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သဘာဝ အရင်းအမြစ်များ ကို စနစ်တကျ ထိန်းသိမ်းပြီး ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာများကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)