နေပြည်တော် ဒီဇင်ဘာ ၁၀
တပ်မတော်နည်းပညာတက္ကသိုလ်၏ (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ တပ်မတော်နည်းပညာတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒုတိယဗိုလ်မှူးကြီး မြင့်ဝင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ခေတ္တပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ခေတ္တပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိခံဝန်မှုပြုခြင်းကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ ခေတ္တပါမောက္ခချုပ်က မဟာအင်ဂျင်နီယာဘွဲ့ရရှိသူ (၂၄) ဦး၊ အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာဘွဲ့ရရှိသူ (၇၅)ဦးနှင့် အင်ဂျင်နီယာဘွဲ့ရရှိသူ (၁၇၇) ဦးအား ဘွဲ့လက်မှတ်များချီးမြှင့်အပ်နှင်းသည်။ ထို့နောက် ခေတ္တပါမောက္ခချုပ်က ဘွဲ့ရသူများအား ဘွဲ့များနှင့် လျော်ညီသောအမှတ်လက္ခဏဖြစ်သည့် ဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ယင်းနောက် ခေတ္တပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်းကြေညာကာ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ခေတ္တပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာ သွားကြသည်။
တပ်မတော်နည်းပညာတက္ကသိုလ်အနေဖြင့် ယနေ့အချိန်အထိ ဂုဏ်ထူးဆောင် အင်ဂျင်နီယာပါရဂူဘွဲ့ရရှိသူ (၂)ဦး၊ အင်ဂျင်နီယာပါရဂူဘွဲ့ရရှိသူ (၁၀၃) ဦး၊ မဟာအင်ဂျင်နီယာဘွဲ့ရရှိသူ (၅၀၉)ဦး၊ အင်ဂျင်နီယာမဟာဒဿနဘွဲ့ရရှိသူ (၅) ဦး၊ အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာဘွဲ့ရရှိသူ (၃၀၄)ဦးနှင့် အင်ဂျင်နီယာပညာသင်ကြားရေး ဒီပလိုမာဘွဲ့ရရှိသူ (၉၄)ဦး၊ အင်ဂျင်နီယာဘွဲ့ရရှိသူ (၇၃၇၈) ဦးအား ဘွဲ့များပေးအပ်ချီးမြှင့်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်