နေပြည်တော် ဒီဇင်ဘာ ၁၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအဆင့် မြှင့်တင်ရေးစီမံကိန်း အဆင့် (၁)ဖြစ်သည့် ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း (ပြွန်တန်ဆာစီမံကိန်းရုံး)၊ စီမံကိန်းရထား လမ်းပိုင်းပြီးစီးမှု၊ တံတားတည်ဆောက်မှုနှင့် ပျဉ်ပုံကြီးဘူတာ မွမ်းမံပြင်ဆင်မှု လုပ်ငန်းခွင်များကို ကြည့်ရှု့စစ်ဆေးသည်။
ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ရှိ ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁)၏ပဲခူး-ညောင်လေး ပင်လမ်းပိုင်း(CP-102)စီမံကိန်းရုံး ရှင်းလင်းဆောင်တွင် စီမံကိန်းဆိုင်ရာ တာဝန်ခံ ကုမ္ပဏီများ၊ လက်အောက်ခံကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီးတာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ စီမံကိန်းနယ်မြေအလိုက် လုပ်ငန်းများဆောင်ရွက်နေကြသော တာဝန်ခံ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ၎င်းတို့အတူ ပူးတွဲလုပ်ငန်းဆောင်ရွက်နေကြသည့် လက်အောက်ခံကုမ္ပဏီများမှ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင်လုံခြုံရေးဆိုင်ရာကိစ္စ၊ ငွေကြေးထုတ်ယူ သုံးစွဲမှုဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ စီမံကိန်းအတိုင်ပင်ခံအဖွဲ့တို့နှင့်အတူ တာဝန်ခံကုမ္ပဏီများ၊ သက်ဆိုင်ရာ လက်အောက်ခံ ကုမ္ပဏီများ၏ လိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး က ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုကြီးမားသည့်အပြင် အများပြည်သူသယ်ယူပို့ဆောင်ရေး (Public Transport ation) အဖြစ် အရေးပါသည့်အတွက် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရေး၊ သတ်မှတ် စံနှုန်းအတိုင်းအရည်အသွေးပြည့်မီရေးတို့ကို အလေးအနက်ထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စီမံကိန်းရုံးများနှင့် စီမံကိန်းလုပ်ငန်းခွင်များတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါထိန်းချုပ်နိုင်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကုမ္ပဏီများမှ တင်ပြသည့် ကိစ္စရပ်များအပေါ် မြန်မာ့မီးရထားနှင့် ကုမ္ပဏီများအကြား စနစ်တကျ ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြွန်တန်ဆာဘူတာသို့ရောက်ရှိပြီး ဘူတာယာဒ်ဝင်းတစ်ဝိုက် သန့်ရှင်းသပ်ရပ်ရေး၊ ပြုပြင်မွမ်းမံမှုဆောင်ရွက်ရေး ကိစ္စရပ်များကို မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးနှင့်မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့်အတူ ပြွန်တန်ဆာဘူတာမှ RBE ရထားဖြင့် ထွက်ခွါပြီး ဒိုက်ဦး-ဖောင်တော်သီလမ်းပိုင်း မိုင်တိုင် အမှတ်(၈၀/၆-၇)၌ တည်ဆောက်နေဆဲဖြစ်သည့် တံတားအမှတ်(၁၁၁)၊ ကောလိယ တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဖောင်တော်သီ-ဘုရားကြီးလမ်းပိုင်း ရထားလမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ရထားလမ်းများ စံချိန်မီအရည်အသွေး ကောင်းမွန်စေရေး အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်ပုံကြီးဘူတာ မွမ်းမံပြင်ဆင်မှုကို ကြည့်ရှုစစ်ဆေးပြီး ဘူတာသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အဆောက်အဦ ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ရေး၊ ဘူတာအဆောက်အဦသစ်တွင် လိုအပ်သည့်ပစ္စည်းများ ဖြည့်ဆည်းပေး၍ လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)