နေပြည်တော် ဒီဇင်ဘာ ၁၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ကျောင်းဆင်း ဝန်ထမ်းများအား ဖွင့်လှစ်သင်ကြားပေးသည့် ရက်တိုလုပ်ငန်းခွင် သင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
သင်တန်းဆင်းပွဲ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ က နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် မည်သည့်နေရာဒေသတွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ပေးအပ်လာသည့် တာဝန်များကို အချိန်မီပြီးစီးရန် စိတ်စေတနာဖြင့် ဝီရိယစိုက်ထုတ်ပြီး ကြိုတင်ပြင်ဆင်တတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကာ လုပ်ကိုင်ဆောင်ရွက်ကြရန်၊ ကျန်းမာရေးကောင်းမှ လုပ်ငန်းတာဝန်များကို လေ့လာသင်ယူမှုနှင့် တာဝန်ကျေပွန်စွာ ထမ်းဆောင် နိုင်မည်ဖြစ်၍ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ မိမိတို့တာဝန်ကို ကိုယ်စီ ထမ်းဆောင်သည့်အခါ မိသားစုစိတ်ဓာတ်မွေးမြူပြီး လုပ်ကိုင် ဆောင်ရွက်ကြရန်၊ တာဝန် ကျေပွန်ရုံမျှမက ကုသိုလ်စိတ်ဖြင့် စေတနာထားပြီး ထိရောက် အောင်မြင်အောင် ကြိုးပမ်း အားထုတ်ကြရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များပါ ပြဋ္ဌာန်းချက် များ၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများ၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ စည်းကမ်းတကျ နေထိုင် လုပ်ကိုင်ကြရန်၊ အကြီးအကဲများ၏ လမ်းညွှန်ချက်များကို လိုက်နာရန်၊ နိုင်ငံတော်အတွက်၊ တိုင်းပြည်နှင့် လူမျိုးအတွက်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအတွက် ယုံကြည်အားကိုး ရသော ဝန်ထမ်းကောင်းများအဖြစ် ကြိုးစားထမ်းဆောင်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားသည်။
အဆိုပါသင်တန်းကို ဒီဇင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက် များနှင့် အညီ ဖွင့်လှစ်ပို့ချခဲ့ပြီး ကျောင်းဆင်းဝန်ထမ်း၂၁ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)