နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် (သီးသန့်) တရားရုံး၌ ၆-၁၂-၂၀၂၁ ရက် တွင် ပြစ်ဒဏ်များချမှတ်ခဲ့သည့်ကိစ္စနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ နိုင်ဂျာ အမြဲတမ်း ကိုယ်စားလှယ် Mr. Abdou Abarry က မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို လည်းကောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Ms. Michelle Bachelet ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ Mr. Thomas Andrews နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Mr. Stephane Dujarric တို့က သတင်းထုတ်ပြန်ချက်များကိုလည်းကောင်း အသီးသီး ထုတ်ပြန်ခဲ့ ကြောင်း တွေ့ရှိရသည်။
အထက်ပါကိစ္စနှင့်ပတ်သက်၍ အခြေအနေမှန်ကို နိုင်ငံပိုင်သတင်းစာများတွင် အချိန်နှင့် တစ်ပြေးညီ ရှင်းလင်းအသိပေးပြီး ဖြစ်သည်။ တရားရုံးရှေ့မှောက်တွင် မည်သူမဆို တန်းတူဖြစ်ပြီး တရားဥပဒေ အထက်တွင် မည်သူမျှ မရှိပါ။ ထို့အတူ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းတရား စီရင်ပိုင်ခွင့်ရှိသည့် တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် တစ်ဖက်သတ် ဝေဖန် သုံးသပ်နေခြင်းမှာ သင့်လျော်မှု မရှိပါ။ ယင်းကဲ့သို့ ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံ၏ တရား စီရင်ရေးနှင့် ပြည်တွင်းရေးကို စွက်ဖက်ရာရောက်သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၌ ၅-၁၂-၂၀၂၁ ရက်တွင် ဖြစ်ပွားခဲ့ သည့်ကိစ္စနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၊ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူနှင့် ကုလသမဂ္ဂယာယီ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan တို့က အသီးသီး သတင်းထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ၇-၁၂-၂ဝ၂၁ရက်ထုတ် နိုင်ငံပိုင် သတင်းစာများ၌ အတိအလင်း ထုတ်ပြန်ထားပြီးဖြစ်သည်။ ကုလသမဂ္ဂဖက်မှ ထုတ်ပြန်သည့် သတင်းကြေညာချက်များသည် ဖြစ်စဉ်အမှန်ကို ထင်ဟပ်ခြင်း မရှိဘဲ တိကျသေချာစွာ စိစစ် ထားခြင်းမရှိသော အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် သတင်းမှားများနှင့် မမှန်မကန် စွပ်စွဲချက်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ကိုးကားထားကြောင်း တွေ့ရှိရသည်။ အလားတူပင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား သံရုံးအချို့ကလည်း တစ်ဖက်သတ်ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိရသည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံ၏ ပြည်တွင်းတရားစီရင်ရေးကိစ္စရပ်များကို စွက်ဖက်ပြီး သတင်းမှား များကို အခြေခံသည့် ထုတ်ပြန်ကြေညာချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်သည်။
ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများအနေဖြင့် အတည်မပြု ရသေးသော သတင်းများအပေါ် တစ်ဖက်သတ် စွပ်စွဲချက်များ ဆက်လက်မပြုလုပ်ကြရန်၊ ကုလသမဂ္ဂ၏ စံနှုန်းများနှင့် ဗီယင်နာကွန်ဗင်းရှင်းပါ ပြဌာန်းချက်များကို လေးစားလိုက်နာကြရန် တိုက်တွန်းဖော်ပြအပ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်။