နေပြည်တော် ဒီဇင်ဘာ ၉
မြန်မာနိုင်ငံခရီးသွားမြှင့်တင်ရေးကို အထောက်အကူပြုရန်အတွက် ပုဂံမြို့ရှိ၊ Bagan Information Training Centre (BITC) တွင် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များနှင့် ပြည်သူများ ကြည့်ရှု့နိုင်မည့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ခရီးစဉ် ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုများကို ရိုက်ကူးထားသည့် Virtual Reality ပြခန်း ဆောင်ရွက် ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ယနေ့၊ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် တက်ရောက်သည်။
အစည်းအဝေးတွင် Cam Tech လုပ်ငန်း အဖွဲ့ခေါင်းဆောင်က နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံး၏ ခရီးသွားဆွဲဆောင်မှုရှိသော ပြကွင်းပြကွက်များကို ၃၆၀ ဒီဂရီဖြင့် ရိုက်ကူးပုံဖော်ထားသော Virtual Reality ပြခန်း ဆောင်ရွက်ပြီးစီးမှု၊ ပြခန်းတွင် ပြသမည့် ဝန်ထမ်းများ သင်တန်းပေးမှုနှင့် ၃၆၀ ဒီဂရီ Video ကို အများပြည်သူ အလွယ်တကူ ကြည့်ရှုနိုင်ရန် Offline/Online Version ဖြင့် ဆောင်ရွက်ထား ရှိမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အဆိုပါ Virtual Reality ကို သတ်မှတ်နေရာတွင် ပြသဆောင်ရွက်သကဲ့သို့ အခြားသောဒေသများနှင့် နိုင်ငံတကာပြပွဲများ၊ အခမ်းအနားများတွင်လည်း ပြသနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များ၊ ၃၆၀ ဒီဂရီ Video တွင် ပြသထားသည့် ခရီးစဉ်ဒေသများ၏ ပုံရိပ်အရည် အသွေးအား ယခုထက် ပိုမိုကောင်းမွန် စေရန်၊ ဆက်လက်ရိုက်ကူးမည့် ဒေသများတွင် ခရီးသွား ဆွဲဆောင်မှုရှိသော ပြကွင်းပြကွက် များကို ထိမိစွာ ထည့်သွင်းရိုက်ကူး ဆောင်ရွက်ပေးစေ လိုသည့် ကိစ္စရပ်များနှင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၌ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်တွင် ပြသနိုင်ရေးအတွက် နည်းပညာနှင့် သုံးစွဲရမည့် ပစ္စည်းပိုင်းဆိုင်ရာ လိုအပ်ချက် များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက Virtual Reality ပြခန်းနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းမှုအပေါ် Cam Tech လုပ်ငန်း အဖွဲ့ခေါင်းဆောင်က ပြန်လည် ဆွေးနွေး ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်