နေပြည်တော် ဒီဇင်ဘာ ၈
စစ်တက္ကသိုလ်၏(၆၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းလတ်၊ စစ်တက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးကြီး သိန်းလွင်နှင့် စစ်တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်ခန်းမသို့ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူ ကြပြီးနောက် နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ် သည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိခံဝန်မှုပြုခြင်းကို ဆောင်ရွက်ကြ သည်။
ဆက်လက်၍ ပါမောက္ခချုပ်က ဝိဇ္ဇာဘွဲ့ရရှိသူ (၆၀)ဦး၊ စီးပွားရေးပညာဘွဲ့ ရရှိသူ (၂၀)ဦး၊ ဝါဏိဇ္ဇဗေဒဘွဲ့ရရှိသူ (၁၀)ဦး၊ သိပ္ပံဘွဲ့ရရှိသူ (၂၇၆)ဦး၊ ကွန်ပျူတာ သိပ္ပံဘွဲ့ရရှိသူ(၁၁၄)ဦးနှင့် ကွန်ပျူတာနည်းပညာဘွဲ့ရရှိသူ (၁၀၈)ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့ရသူများအား ဘွဲ့များနှင့်လျော်ညီသော အမှတ်လက္ခဏာ ဖြစ်သည့်ဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးခဲ့သည်။
ယင်းနောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်းကြေညာကာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည် ထွက်ခွာသွားကြသည်။
စစ်တက္ကသိုလ်အနေဖြင့် ပထမအကြိမ် ဘွဲ့နှင်းသဘင်မှ ယခု (၆၂) ကြိမ် မြောက် ဘွဲ့နှင်းသဘင်အထိ ကျောင်းဆင်းအရာရှိပေါင်း ၃၃၀၆၅ ဦးကို အခြေခံဘွဲများ ပေးအပ်ချီးမြှင့်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်