Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General VONG PISEN တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်   ဒီဇင်ဘာ    ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General VONG PISEN နှင့်ယနေ့ညနေပိုင်းတွင် Video Conferen ဖြင့် တွေ့ဆုံဆွေးနွေးသည်။

အာဆီယံပဋိညာဉ်များလိုက်နာရန်လို

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် လူမျိုး၊ ယဉ်ကျေးမှု တို့တွင် အခြေခံအားဖြင့် တူညီမှုရှိပြီး ဗုဒ္ဓဘာသာ ကိုးကွယ်မှုတွင်လည်း တူညီမှုရှိကာ ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်းကြောင်းရှိခဲ့သည့် အခြေအနေ၊ CLMV အဖွဲ့ဝင် နိုင်ငံများလည်းဖြစ်ကာ မဲခေါင်ဒေသခွဲ GMS အဖွဲ့ဝင်နိုင်ငံများလည်းဖြစ်သည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေ အနေနှင့် ရခိုင်ပြည်နယ် အရေးကိစ္စရပ်များ တွင် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် နားလည်မှုအပြည့်ဖြင့် ရပ်တည်ဆောင်ရွက်ပေးခဲ့မှု အခြေအနေ၊ ကမ္ဘာဒီးယားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မှု အတွက် မြန်မာနိုင်ငံအနေဖြင့် တတ်နိုင်သည့်ကဏ္ဍများတွင် အပြည့်အဝပါဝင် ကူညီဆောင်ရွက် ပေးသွားမည့်အခြေအနေ၊ အာဆီယံနိုင်ငံများ အချင်းချင်းစည်းလုံးညီညွတ်ရန်နှင့် အာဆီယံ ပဋိညာဉ်များကို အာဆီယံနိုင်ငံများအားလုံး လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး အချို့သောနိုင်ငံများက အာဆီယံပဋိညာဉ်အား ချိုးဖောက်ဆောင်ရွက်မှုများ ကြောင့် အဖွဲ့ဝင်နိုင်ငံများအားလုံးအပေါ် ထိခိုက်မှုရှိနိုင်သည့် အခြေအနေ။

ရင်းနှီးမှုများပိုမိုတိုးမြင့်လာစေမည်

နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ဆိုင်ရာ ကိစ္စရပ်များ၊ တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက် ခြင်းအားဖြင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးမြင့်လာ စေမည်ဖြစ်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းနှိမ်နင်းရေးဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးဆိုင်ရာများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်မည့်အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ကဏ္ဍအသီးသီးတွင် ထိခိုက်ခဲ့ရသည့် အခြေအနေ၊ နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ခဲ့အခြေအနေနှင့် နယ်ပယ်ကဏ္ဍ ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက် မှုများကို ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ များတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ ဆေးကုသရေး အဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်မည့် အခြေအနေ၊ ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကမ္ဘောဒီးယားဘုရင့် တပ်မတော်မှ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးမှုကြောင့် ရောဂါကူးစက်မှုများလျော့နည်းခဲ့မှုကို မြန်မာနိုင်ငံ အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပြီး မြန်မာနိုင်ငံ၌လည်း ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အစိုးရ၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်မှုကြောင့် ရောဂါကူးစက်မှုများ လျော့နည်းကျဆင်းလျက်ရှိသည့် အခြေ အနေ၊ ကမ္ဘာ့နိုင်ငံအချို့တွင် ဖြစ်ပေါ်နေသည့် အိုမီခရွန် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါပိုး ကာကွယ်ရေးဆိုင်ရာများတွင်လည်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေ။

အမြင်ချင်းဖလှယ်ဆွေးနွေး

၂၀၂၂ ခုနှစ် မတ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးအပါအဝင် အာဆီယံဆိုင်ရာ အစည်းအဝေး များနှင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် အရာရှိကြီးများအနေဖြင့် ကိုယ်တိုင်တက်ရောက် နိုင်ရေး ဖိတ်ကြားသည့်အခြေအနေ၊ နှစ်နိုင်ငံ ရေတပ် နှစ်ရပ်အကြား စစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်စေလွှတ်နိုင်ရေး ဆောင်ရွက်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကမ္ဘောဒီးယား နိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန်တွင် အာဆီယံနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို အနှောင်အဖွဲ့ကင်းကင်းဖြင့် ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံပဋိညာဉ် နှင့်အညီ ဆောင်ရွက်နိုင်ပါစေကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

တက်ရောက်

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြပြီး ကမ္ဘောဒီးယားဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကမ္ဘောဒီးယားဘုရင့် တပ်မတော်မှ သုတေသနနှင့် ထောက်လှမ်းရေးဌာန အကြီးအကဲ Lieutenant General Hann Sovanni ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ ( ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် သူရလှမင်းနှင့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်