Skip to main content

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

နေပြည်တော်   ဒီဇင်ဘာ    ၈

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီး ဟောင်း ဒေါက်တာထွန်းနိုင်တို့သည် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနက ဆောင်ရွက်သည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီ မံကိန်းမှ ရေသွယ်ဥမင်ဖောက်လုပ်ခြင်းလုပ်ငန်း (Underground Works) အား နိုင်ငံတကာကုမ္ပဏီ တစ်ခုနှင့် ၂၀၁၅ ခုနှစ် မတ် ၁၂  ရက်တွင် စာချုပ် ချုပ်ဆိုဆောင်ရွက်ခဲ့ရာတွင် မူလစာချုပ်ပါလုပ်ငန်း ပြီးစီးရမည့် ကာလမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၄  ရက်အထိ လ ၄၀ သတ်မှတ်ခဲ့ခြင်းကို ဝန်ကြီးဌာန၏ လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(MC)နှင့် အမှုဆောင်ကော်မတီ (EC) အစည်းအဝေး ဆုံးဖြတ်ချက် များဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်ထိ ၁၆ လ သက်တမ်းတိုး ပေးခဲ့ခြင်းသည် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြား ထားသည့် သဘောတူညီချက်များ ချုပ်ဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ သက်တမ်းတိုးကိစ္စရပ်များတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့၏ သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီသို့ တင်ပြရမည်ဖြစ်သော်လည်း လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ခြင်းမပြုဘဲ ၁၆ လ သက်တမ်းတိုးမြှင့်ခွင့်ပြုပေးခဲ့သဖြင့် ထုတ်လုပ်မှု ကီလိုဝပ်နာရီ(ယူနစ်) သန်းပေါင်း ၁၈၀၀ ကျော်ခန့် ထုတ်လုပ်နိုင်မှုမရှိသည့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာ ငွေကျပ် ၃၀ ဘီလီယံခန့် ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်တို့သည် ထားဝယ်ဒေသ တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ဆောင်ရွက်သည့် တနင်္သာရီတိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲသည့် GGS ကုမ္ပဏီအတွက် ဓာတ်ငွေ့ဖိုး ငွေကျပ် ၆ ဘီလီယံကျော်ခန့်ကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ ခွင့်ပြုချက်ရယူမှုမရှိဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းဌာန ဘတ်ဂျက်မှ ကြိုတင်စိုက်ထုတ်ပေးချေရန် ခွင့်ပြုခဲ့ခြင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်းသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင် ခဲ့စဉ်က ဓာတ်ငွေ့ဖိုး ငွေကျပ် ၆ ဘီလီယံကျော်ခန့်ကို နိုင်ငံတော်ဘဏ္ဍာတွင် ဘတ်ဂျက်ငွေ တင်ပြတောင်းခံပေး ချေခဲ့ခြင်း၊ ဓာတ်ငွေ့ဖိုးငွေများကို ပြန်လည်ရရှိရေး ခိုင်မာသည့် သဘောတူညီမှု တစ်ရပ်ရပ် စာချုပ် ချုပ်ဆိုမှုမရှိခြင်း၊ ဓာတ်ငွေ့ဖိုး ကြွေးကျန်ဖြစ်ပေါ်နေမှုကို ဝန်ကြီးဌာန အမှုဆောင် ကော်မတီအစည်းအဝေး (EC)သို့ တင်ပြမှုမရှိခြင်း၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းအပိုဒ် ၁၂၃ ၊ အပိုဒ်ခွဲ(ဃ) ကို လိုက်နာမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ဘဏ္ဍာ ငွေကျပ် ၆ ဘီလီယံကျော်ခန့် ထိခိုက် နစ်နာစေခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်းသည် ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့စဉ်က နိုင်ငံတော်၏ငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံး စေရာတွင် အားပေးကူညီခြင်းဖြစ်ကြောင်း။

စစ်ဆေးပေါ်ပေါက်ချက်များအရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဦးထွန်းနိုင်တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်း အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။

(သတင်းစဉ်)