Skip to main content

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်သွားရောက်

နေပြည်တော်    ဒီဇင်ဘာ    ၈

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရတ်ဆုတ်ခွန်း၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကမ္ဘောဒီးယား နိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့သည်။

ဖနောင်ပင်မြို့သို့ ရောက်ရှိနေစဉ်အတွင်း ဒီဇင်ဘာ ၇ ရက်၊ နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆင်အား ဂါရဝပြု တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရေးသာမက အာဆီယံနည်းလမ်းနှင့် စိတ်ဓာတ် ကို အခြေခံလျက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ်ကာလအတွင်း ဦးစားပေးပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရတ်ဆုတ်ခွန်းနှင့် လည်းတွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်အကောင်အထည်ဖော်သွားနိုင်မည့် အလားအလာများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွား ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ထို့ပြင် မြန်မာ-အာဆီယံပူးပေါင်းဆောင်ရွက်ရေးနှင့်  အာဆီယံမိသားစုစိတ်ဓာတ်နှင့် စည်းလုံး ညီညွတ်ရေး စိတ်ဓာတ်တို့ကို အခြေခံလျက် အာဆီယံမူဘောင်အောက်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံမှုအတွင်း ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦး တည်ချက်များကိုလည်း ရှင်းလင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။  ပြည်ထောင်စုဝန်ကြီး နှင့် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်