Skip to main content

(၁၀) ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချခြင်းဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး ကျင်းပ

နေပြည်တော်    ဒီဇင်ဘာ    ၈

(၁၀) ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချခြင်းဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး ကို ယနေ့တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် လက်ခံကျင်းပသည်။

အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် အဆင့်မြင့် အရာရှိကြီးများ၊ မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်ကြသော ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး များနှင့် အဆင့်မြင့်အရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံဆိုင်ရာ မိုးလေဝသဌာန (ASEAN Specialized Meteorological Center) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သဘာပတိအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက  ယနေ့ကမ္ဘာတွင် သဘာဝသယံဇာတများ ရှားပါးခြင်း၊ သစ်တောပြုန်းတီးခြင်း၊ သဘာဝဂေဟစနစ်ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုး ကွဲအရင်းအမြစ်များ ယိုယွင်းလာခြင်း၊ ရေညစ်ညမ်းမှုနှင့် လေညစ်ညမ်းမှုစသည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် စိန်ခေါ်မှုမျိုးစုံဖြင့် ခြိမ်းခြောက်လျက်ရှိကြောင်း၊ မဲခေါင်ဒေသအတွင်း သစ်တောများ၊ ဒေသမျိုးရင်းအပင် များနှင့် တိရစ္ဆာန်များ၊ သတ္တုတွင်းထွက် ပစ္စည်းများ၊ စိမ့်မြေများနှင့် အဏ္ဏဝါအရင်းအမြစ်များစသည့် ထူးခြားကွဲပြားသော ဂေဟစနစ်များ ကြွယ်ဝသော်လည်း ယခုအခါ ပျက်စီးယိုယွင်းမှုများနှင့် ကြုံတွေ့နေမှုအပေါ် ကာကွယ်နိုင်ရေး အတွက် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ အထူးသဖြင့် တောမီးများနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ငွေ့ညစ်ညမ်းမှုသည် မဲခေါင်နိုင်ငံများ အပါအဝင် အာဆီယံဒေသအတွင်း အရေးတကြီး ပူးပေါင်းဖြေရှင်းရမည့်  ဒေသအတွင်းပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုး သားအဆင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်း စီမံချက်ကို ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချခြင်း သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မဲခေါင်ဒေသနိုင်ငံ အားလုံးနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အာဆီယံဆိုင်ရာမိုးလေဝသဌာနမှ မဲခေါင်ဒေသအတွင်း မီးခိုးမြူငွေ့ဖြစ်ပေါ်ခဲ့မှု အခြေအနေများကို သုံးသပ်တင်ပြဆွေးနွေးခြင်း၊ (၁၆) ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချခြင်းဆိုင်ရာ လုပ်ငန်းကော်မတီ၏ အစီရင်ခံစာ ကို မြန်မာနိုင်ငံကိုယ်စားလှယ်မှ တင်ပြဆွေးနွေးခြင်း၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံး ကိုယ်စားလှယ်မှ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ၊ အာဆီယံပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံဆိုင်ရာ၊ အာဆီယံသစ်ဆွေးမြေစီမံခန့်ခွဲမှု မဟာဗျူဟာဆိုင်ရာ တို့အပေါ် သုံးသပ်ဆွေးနွေးသည်။

သုံးသပ်ဆွေးနွေးချက်များအပေါ် အာဆီယံဆိုင်ရာမိုးလေဝသဌာနက နည်းပညာပိုင်းဆိုင်ရာ ကူညီမှုများကို ဆက်လက်ပံ့ပိုး ဆောင်ရွက်ပေးသွား ရန်၊ နိုင်ငံအလိုက် မီးလောင်ကျွမ်းမှုလျှော့ချရေး လုပ်ငန်းစီမံချက်များချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဒေသအတွင်းပူးပေါင်း ဆောင်ရွက်ခြင်းကို မြှင့်တင်သွားရန်နှင့် ချင်းရိုင်(၂၀၁၇)လုပ်ငန်းစီမံချက်အရ မီးလောင်ကျွမ်းမှု အရေအတွက် (Hot Spot) လျှော့ချရေး ရည်မှန်းချက် ပြင်ဆင်ခြင်းတို့ကို အစည်းအဝေးမှ အတည်ပြု သတင်းထုတ်ပြန်သည်။

ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ ကိုယ်စားလှယ်တို့က ဒေသအတွင်း နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားပြီး အစည်း အဝေးသဘာပတိ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လျော့ချရေး လမ်းပြမြေပုံ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ပိုမိုမြှင့်တင်ရာတွင် များစွာအထောက် အကူပြုမည်ဖြစ်သဖြင့် ဆွေးနွေးပေးသောဝန်ကြီးများနှင့် အဆင်မြင့် ကိုယ်စားလှယ်များ၊ ပညာရှင်များအားလုံးကို ကျေးဇူးတင်ရှိကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ မေမြို့ထင်းကြိုးဝိုင်းအတွင်း မြန်မာနိုင်ငံသစ်တောကျောင်း လေ့ကျင့်သင်ကြားရေး သစ်တော (၅၀၀)ဧက သို့သွား၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ကျွန်းရတနာ ရှင်းလင်းဆောင်၌ လေ့ကျင့်ရေး သစ်တောနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မေမြို့ထင်းကြိုးဝိုင်းအတွင်း၊ တိုးတက်ကောင်းမွန်လာသော တောအခြေအနေများ အားကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝတောထိန်းသိမ်းမှု ကောင်းမွန်၍ ဇီဝမျိုးစုံ မျိုးကွဲကြွယ်ဝသည့်အတွက် လေ့ကျင့်ရေးသစ်တောအား ဆက်လက်၍ ထိန်းသိမ်း ကာကွယ်စောင့် ရှောက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)