နေပြည်တော်၊ ဒီဇင်ဘာ ၈
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ လုံပီးသာသနရက္ခိတာ ပရိယတ္တိသာသနာပြု စာသင်တိုက် ကျောင်းထိုင်ဆရာတော်၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဖြစ်သည့် ဆရာတော် ဘဒ္ဒန္တဉာဏိကသည် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက လေငန်းရောဂါဝေဒနာခံစားနေရသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ခုံသားကျေးရွာဘုန်းကြီးကျောင်းသို့ ကြွရောက်သီတင်းသုံးကာ ဆေးကုသမှုခံယူလျက် ရှိပါသည်။
ထိုသို့ ဆေးကုသမှုခံယူလျက်ရှိရာမှ ဆရာတော်၏ ကျန်းမာရေးအခြေအနေ သက်သာကောင်းမွန်လာသဖြင့် ဖလမ်းမြို့ရှိ လုံပီးသာသနရက္ခိတာ ပရိယတ္တိသာသနာပြု စာသင်တိုက်သို့ ပြန်လည်ကြွရောက်သီတင်းသုံးနိုင်ရေးအတွက် ဆရာတော်သည် ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကလေးမြို့၊ ခုံသာကျေးရွာဘုန်းကြီးကျောင်းမှ ဖလမ်းမြို့နယ် လူငယ်သင်တန်းကျောင်းမှ ဒုဦးစီးမှူး ဦးချစ်စန်း မောင်းနှင်သည့် မော်တော်ယာဉ်ဖြင့် ပြန်လည်ကြွချီလာခဲ့ရာ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်ထိ လုံပီးသာသနရက္ခိတာ ပရိယတ္တိသာသနာပြု စာသင်တိုက်သို့ ရောက်ရှိလာခြင်း မရှိသည့်အပြင် အဆက်အသွယ်ပြတ်တောက်လျက်ရှိကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျေးရွာတာဝန်ရှိသူများနှင့် ချိတ်ဆက်စုံစမ်းရှာဖွေလျက်ရှိကြောင်းနှင့် မိဘပြည်သူများနှင့်အနေဖြင့်လည်း ဆရာတော်၏ သတင်းအား ရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ဆက်သွယ်သတင်းပေးပို့နိုင်ကြပါရန် အသိပေး သတင်းထုတ်ပြန် အပ်ပါသည်။