နေပြည်တော် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း အကြမ်းဖက်သမားများ၏ လက်ပစ်ဗုံး ပစ်ပေါက်မှုကြောင့် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ ၁၁၀ လမ်း၊ ၄၅ × ၄၆ လမ်းကြားရှိ အောင်သာယာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အကြမ်းဖက်သမားများက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်၍ လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့သည်။ ယင်းသို့ ပစ်ပေါက်ခဲ့ခြင်းကြောင့် ၁၁၀ လမ်းဘေးရှိ ကွမ်းယာဆိုင်အနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ကွမ်းယာဆိုင်အတွင်းရှိ အသက်ငါးနှစ်အရွယ် မိန်းကလေးငယ် တစ်ဦး တွင် ဗုံးစထိမှန်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင် ကုသခဲ့သော်လည်း ရရှိဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
အသက် ၅ နှစ်အရွယ် အပြစ်မဲ့ မိန်းကလေးငယ် တစ်ဦးသေဆုံးသည်အထိ အကြမ်းဖက် လုပ်ရပ်များကို ဆောင်ရွက်ခဲ့သူများအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသခံ ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်း အပ်ပါကြောင်း သတင်းရရှိသည်။
သတင်းစဉ်