နေပြည်တော် ဒီဇင်ဘာ ၇
ဒုတိယအကြိမ် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်နိုင်ငံက ဦးဆောင်၍ ဘေဂျင်းမြို့၌ ဒီဇင်ဘာ (၇) ရက်မှ (၈) ရက်အထိ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပလျက်ရှိသည်။
အဆိုပါဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ် များ၊ မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု ပူးတွဲလုပ်ငန်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ သုတေသနပညာရှင် များအပါအဝင် စုစုပေါင်းကိုယ်စားလှယ်(၅၀၀)ကျော် တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်၍ ဒုတိယဝန်ကြီးနှင့် ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာန(၈)ခုမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ဝန်ကြီးများနှင့် ကမ္ဘာ့ကုလသမဂ္ဂ Under Secretary General H.E. Liu Zhenmin တို့က အဖွင့်အမှာစကား ပြောကြားကာ ဖိုရမ်ကို ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ တွင် ယခုဖိုရမ်သည် အဖွဲ့ဝင်နိုင်ငံများအားလုံးအတွက် မဲခေါင်-လန်ချန်းမြစ်ဝှမ်း ဒေသနိုင်ငံများ၏ အတွေ့အကြုံ နှင့် ဗဟုသုတများကိုမျှဝေရန်၊ အလားအလာရှိသော ရေ အရင်း အမြစ်ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးရန် အတွက် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရေအရင်းအမြစ်ပေါများ ကြွယ်ဝ သည့်နိုင်ငံ တစ်နိုင်ငံ ဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကို ခံစားရ လျက်ရှိကြောင်း၊ အနည်ပို့ချခြင်း၊ သောက်သုံးရေရှားပါးခြင်းနှင့် ရေ၏ အရည်အသွေး ကျဆင်း လာခြင်း စသည့်ထပ်ဆောင်းစိန်ခေါ်မှုများလည်း နိုင်ငံတစ်ဝန်း ကြုံတွေ့ရလျက်ရှိကြောင်း၊ ယင်းစိန်ခေါ်မှုများကို မြန်မာ နိုင်ငံနည်းတူ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံအားလုံးတွင်လည်း ကြုံတွေ့နေရသည့် ကိစ္စရပ်များဖြစ်သည့် အတွက် ဖိုရမ်သို့ တက်ရောက်လာသူများအနေဖြင့် အဆိုပါစိန်ခေါ်မှုများ ဖြေရှင်းရေးကို ဆောင်ရွက်နိုင်ရေး အလေးအနက်ထား ထည့်သွင်းဆွေးနွေး စေလိုကြောင်း ဦးစွာပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကို အခြေခံ ထားသည်ဖြစ်၍ ရေအရင်းအမြစ်စီမံခန့်ခွဲမှုသည် မိမိတို့နိုင်ငံသားများ၏ နေ့စဉ်အသက်မွေးဝမ်း ကျောင်းမှုအတွက် လွန်စွာ အရေးပါလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုတွင် သာမက နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများ တွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် တတိယအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံ (3rd Asia-Pacific Water Summit) ကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ပြီး၊ ညီလာခံ၌ ကောင်းမွန်သော ရေဆိုင်ရာစီမံ ခန့်ခွဲရေး၊ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အတွက်ရေဖူလုံရေး စသည့်ရည်မှန်းချက် ပန်းတိုင်များ အကောင် အထည်ဖော်ရန်အတွက် ရန်ကုန်ကြေညာစာတမ်း (Yangon Declaration) ကို ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ လက်ရှိ ကာလတွင် မဲခေါင်-လန်ချန်း အထူး ရန်ပုံငွေဖြင့် ရေကြီးမည့်ကြိုတင်သတိပေးစနစ်ကို အထောက်အကူပြုမည့် မိုးရေချိန်တိုင်း ကိရိယာများ တပ်ဆင်ခြင်းစီမံကိန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မြန်မာ နိုင်ငံနှင့် တရုတ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး ရေအရင်းမြစ် ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖိုရမ်တွင် ဆွေးနွေးသည့် ရလဒ်ကောင်းများမှ တစ်ဆင့် မဲခေါင်-လန်ချန်း ရေအရင်း အမြစ်ပူးပေါင်း ဆောင်ရွက်မှု (၅) နှစ်စီမံကိန်း အကောင်အထည်ဖော်မှုနှင့် ဒေသတွင်းရေအရင်းအမြစ် စီမံခန့်ခွဲမှု စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုမည်ဟု ယုံကြည် ကြောင်းနှင့် တရုတ်နိုင်ငံက ရေအရင်းအမြစ် စီမံခန့်ခွဲမှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသို့ကူညီမှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများကို ပံ့ပိုးကူညီပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၌ စတင်ဆွေးနွေးခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မတ်လတွင် ကျင်းပ သည့် လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်မှု ပထမအကြိမ် နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး (The 1st Lancang-Mekong Cooperation Leaders’ Meeting)တွင် ထုတ်ပြန်သည့် ဆန်းယကြေညာစာတမ်း (Sanya Declaration)ပါ ပူးပေါင်း ဆောင်ရွက်မှုနယ်ပယ် (၅)ခုအနက် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအရ ပထမအကြိမ် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ဖိုရမ်ကို ယခုနှစ်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခြင်းဖြစ်သည်။
ဖိုရမ်၏ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို ဒီဇင်ဘာ(၇)ရက် မွန်းလွဲပိုင်းနှင့် (၈) ရက်တို့တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး၊ နယ်စပ်ဖြတ်ကျော်မြစ်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းအချက်အလက် မျှဝေမှု၊ မဲခေါင်-လန်ချန်းရေအရင်း အမြစ်ပူးပေါင်း ဆောင်ရွက်မှု လူငယ်ဆွေးနွေးပွဲ၊ ရေအရင်းအမြစ် ထိန်းသိမ်းမှုနှင့် အစိမ်းရောင်ဖွံ့ဖြိုးမှု၊ ရေအရင်းအမြစ်ဘက် စုံစီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှု၊ ကျေးလက်ဒေသ ရေထိန်းသိမ်းမှုနှင့် လူနေမှုအဆင့်အတန်း မြှင့်တင်မှု၊ စဉ်ဆက်မပြတ် ရေအားလျှပ်စစ် ထုတ်လုပ်မှုနှင့် စွမ်းအင်ဖူလုံမှု စသည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)