Skip to main content

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” (တတိယ) အကြိမ် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၇

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” (တတိယ) အကြိမ် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီး ကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ကျင်းပသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” (တတိယ) အကြိမ်  ပွဲတော်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ (၁၁) ရက်မှ (၁၅) ရက်အထိ Virtual စနစ်ဖြင့်ကျင်းပရန် စီစဉ်လျက်ရှိပြီး သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ MRTV အနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များအပြင် တိုင်းရင်းသားများအတွက် ကြိုးစား လုပ်ဆောင်ချက်များအပေါ် များစွာကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာအသံနှင့် ရုပ်မြင် သံကြားအနေဖြင့် လက်ရှိ ဆောင်ရွက်ထားရှိမှုနှင့် မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ဆွေးနွေးပေးစေလိုပါကြောင်း၊ ပွဲတော်ကျင်းပရန် အချိန်နီးကပ် လာပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းအနေဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” (တတိယ) အကြိမ်ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် အခြေအနေများကြောင့် Virtual Celebration အဖြစ် ကျင်းပနိုင်ရေး စီစဉ် ဆောင်ရွက်နေမှု အခြေအနေများကို ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က တတိယ အကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်နှင့်ပတ်သက်၍ ထုတ်လွှင့်ပြသမည့် နေ့ရက်၊  အချိန်နှင့် ဖျော်ဖြေရေး အစီအစဉ်တို့ကို  ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးမင်းဗညားစန်းနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်၊ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်သိန်းနိုင်တို့က တိုင်းရင်းသား ပြခန်းများ၊  တိုင်းရင်းသားဒေသထုတ်ကုန်များ၊ စားသောက်ကုန်များ၊ ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းနှင့် သက်ဆိုင်သောပြခန်းများကို Web Portal ဖြင့် ထုတ်လွှင့်ပြသနိုင်ရေး စီစဉ် ထားရှိမှုကို ရှင်းလင်းတင်ပြကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အထွေထွေဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပထမအကြိမ်နှင့် ဒုတိယအကြိမ်များတွင် အောင်မြင်မှု များ ရရှိသကဲ့သို့ ယခုပြုလုပ်မည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” (တတိယ) အကြိမ် ပွဲတော်ကို Virtual Celebration ဖြင့် ကျင်းပ ထုတ်လွှင့်ခြင်းဖြင့် တစ်ကမ္ဘာလုံးက ကြည့်ရှုနိုင်မည် ဖြစ်သည့်အတွက် အခက်အခဲ စိန်ခေါ်မှုများရှိသော်လည်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက် မည်ဆိုပါက အောင်မြင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)