ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကြီးမှူး ကျင်းပသည့် ၂၀၂၀ ပြည့်နှစ်အတွက် စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာရေးဆရာကြီး ဆရာမကြီးများအား မြန်မာ့အလင်းက ဆက်လက်တွေ့ဆုံမြန်းခဲ့သည်။
ဦးသန်းလွင်(သိန်းဇော်-ရွှေလီဦး)
ဖားဝိဇ္ဇာနှင့်ကျေးရွာအလှဝတ္ထုတိုများ စာအုပ်ဖြင့် ပထမဆုရ ဦးသန်းလွင်(သိန်းဇော်-ရွှေလီဦး) က “ဇာဝိဇ္ဇာဆိုတာ ဖားရှာတဲ့နေရာမှာရော၊ ဖားကို မွေးတဲ့နေရာမှာရော၊ ဖားရဲ့သဘောသဘာဝကိုရော သူက ကျွမ်းကျွမ်းကျင်ကျင်ရှိတယ်ဗျ။ ၁၂ ရာသီ နွေ၊ မိုး၊ ဆောင်း ဖားစားရအောင် သူလုပ်နိုင်တယ်။ နောက်ဖားတွေရဲ့ သဘောသဘာဝကို သူများတွေ ထက်ကျွမ်းကျင်တယ်။ ကျွမ်းကျင်တဲ့အတွက်၊ ထူးထူးချွန်ချွန်နဲ့ ဖားကိစ္စကိုသိတဲ့အတွက် ဝိဇ္ဇာလို့ တင်စားပြီးရေးခြင်းဖြစ်ပါတယ်”ဟု ပြောသည်။
စာပေလောက အတွေ့အကြုံများ နှင့် ပတ်သက်၍ “ကျွန်တော် စာပေလောကထဲမှာ စာပေဗိမာန်ဆုတို့၊ ပခုက္ကူဦးအုံးဖေစာပေဆုတို့ကို ကျေးလက်သဘာဝတွေနဲ့ရေးသားပြီး ယှဉ်ပြိုင်ဖူး ပါတယ်။ ဆုတွေလည်း ရရှိပါတယ်။ စာပေနယ်ထဲကို ၁၉၉၅ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပါတယ်။ နိုင်ငံတော်အဆင့် သတ်မှတ်တဲ့ ပြိုင်ပွဲတွေကတော့ ဒီဆုနဲ့ဆိုရင် ၂၁ ဆု ရရှိခဲ့ပြီးပါပြီ။ ဝတ္ထုတို၊ ဝတ္ထုရှည် ၁၀၀ ကျော်သွားပါပြီ။ ဇာတိက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ရေကြည်မြို့နယ် ပန်းတောကြိုးကုန်း ဖြစ်ပါတယ်။ ကျွန်တော်ပန်းတောကြိုးကုန်းရွာကို ကိုယ်စားပြုတဲ့ ရွာသားတွေရဲ့ သဘောသဘာဝတွေ၊ စရိုက်တွေနဲ့ သူတို့ဆီက အတုယူစရာလေးတွေ ရေးသားခြင်းဖြစ်ပါတယ်”ဟု ပြောကြားသည်။
ဦးတင်ရှိန်(ကောင်းနွဲ့)
ရာသီမြုံ လုံးချင်းစာအုပ်ဖြင့် ကဗျာစာမူ ပထမဆုရ ဦးတင်ရှိန်(ကောင်းဖွဲ့)က “ကျွန်တော် တို့နေတာကတော့ ကျွန်းပင်တွေရှိတဲ့ ကျွန်းတော ကြီးထဲမှာပေါ့။ ကျွန်းပင်နဲ့ပတ်သက်တဲ့အကြောင်း တွေ၊ တောတောင်သဘာဝတွေကို မြင်တွေ့နေရတော့“ရာသီမြုံ လုံးချင်းကဗျာ”ကို ရေးချင်တဲ့စိတ် ဖြစ်သွားတာပါ။ အဲဒီထဲမှာ နွယ်သာကီစံပြဆိုပြီးတော့ ကျွန်းရွှေဝါကဗျာလေးတစ်ပုဒ်ကို ရေးလိုက် တာလည်းဖြစ်ပါတယ်။ အဓိကကတော့ ကျွန်းတွေ ရဲ့တန်ဖိုးနဲ့ ကျွန်းပင်တွေ မလေလွင့်စေဖို့အတွက် ရွတ်ပြတာပါ”ဟု ပြောသည်။
စာပေလောက အတွေ့အကြုံများနှင့် ပတ်သက်၍ “စာပေလောကထဲကို ၁၉၈၇ ခုနှစ်က စရောက်တာပါ။ ဇာတိက ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပြင်ကြီးကျေးရွာဆိုတော့ အဲဒီမှာ မြို့နယ် စာပေလောကအဖွဲ့က စာပေပြိုင်ပွဲကျင်းပတဲ့အခါမှာ ဆောင်းပါးအနေနဲ့ “ထန်းပဒေသာပြည်မြန်မာ” ဆိုပြီးဝင်ပြိုင်တော့ အကောင်းဆုံးဆောင်းပါးဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကဗျာ၊ ဆောင်းပါးတွေ ရေးလာတာမှာ၂၀၁၈ ခုနှစ်မှာပခုက္ကူဦးအုံးဖေစာပေဆု ဒုတိယဆုရရှိခဲ့ပါတယ်။ ၂၀၂၀ပြည့်နှစ်မှာတော့ မြဝတီမဂ္ဂဇင်းမှာ တစ်နှစ်တာအကောင်းဆုံး ကဗျာဆု ရရှိခဲ့ပါတယ်။ နောက်တစ်ခါ “ရွှေကြာရိုးလေး ချိုးခဲ့မယ်”ဆိုတဲ့ လုံးချင်းကဗျာကို ထုတ်ခဲ့ပါတယ်။ နောက်ပြီး ရန်ကုန်ကအဖွဲ့တွေနဲ့ ကဗျာတစ်အုပ် ထုတ်ခဲ့ပါသေးတယ်။ အခုထိလည်း ကဗျာတွေ ရေးနေဆဲပါ။ ဆောင်းပါး ၁၂ ပုဒ်လောက် ရေးခဲ့ပြီး ကဗျာကတော့ စာအုပ် ခြောက်အုပ်လောက် ထုတ်ခဲ့တာဆိုတော့ ကဗျာအပုဒ်ရေ ၆၀၀ ခန့် ရေးခဲ့ပြီးပါပြီ။ ဆက်လက်ပြီးလည်း ကဗျာတွေကို ရေးသွားဦးမှာဖြစ်သလို ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်မှာ လုံးချင်းကဗျာပေါင်းချုပ်စာအုပ် ကို ပြိုင်ပွဲဝင်ဖို့အတွက် တင်ထားပါတယ်” ဟု ပြောကြားသည်။
ဦးသိန်းဆောင်(မြေလတ် မင်းလွင်)
ဆိုင်းဂီတဖြင့်တိုင်းပြည်ကိုအလှဆင်ခြင်း(သို့) အလင်္ကာကျော်စွာ စိန်စတင်း စာမူဖြင့် ပထမဆုရ ဦးသိန်းဆောင်(မြေလတ်မင်းလွင်) က “၁၉၈၅ ခုနှစ် ကစပြီး စာပေလောကထဲ ဝင်ရောက်ခဲ့တာပါ။ အခုပထမဆုရတဲ့ “ဆိုင်းဂီတဖြင့် တိုင်းပြည်ကို အလှဆင်ခြင်း(သို့) အလင်္ကာကျော်စွာ စိန်စတင်း” မှာ ရေးထားတဲ့ အဓိပတိဆိုင်းဆရာကြီးဖြစ်တဲ့ အလင်္ကာကျော်စွာ ဆိုင်းပညာရှင်ကြီး ဦးစိန် စတင်းဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ရက်မှာ ဆုံးသွား ခဲ့ပါတယ်။ ဒီစာမူကို ရေးဖြစ်တာက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၃ ရက်မှာ သူ့ဆိုင်းတပည့်တွေကိုဖိတ်ပြီး ပွဲလုပ်မယ်ပေါ့။ ပွဲလုပ်ပြီးရင် ဒီစာအုပ်ကို တပည့်တွေကို ဝေမယ်ပေါ့ဗျာ။ ဒါနဲ့ တပည့်တွေကိုဝေဖို့ အတွက် ကျွန်တော့်ကိုအကူအညီတောင်းခဲ့တဲ့ အခါမှာ ကျွန်တော်နဲ့ ဆိုင်းဆရာ စိန်စတင်းနဲ့က ရင်းနှီး နေတာဆိုတော့ အဲဒီပွဲမှာ ထုတ်ဖို့အတွက် စာအုပ်ကို လုံးချင်းရေးဖြစ်တာပါ။ စိန်စတင်းဟာဆိုရင် ၂၀ ရာစုနဲ့ ၂၁ ရာစု နှစ်ခုစလုံးကိုခွပြီး မြန်မာ့ဂီတ အနုပညာမှာ ဆိုင်းနဲ့ပတ်သက်ပြီးတော့ ဆရာကြီး တစ်ဆူအဖြစ် စံထားလောက်အောင် လုပ်ဆောင်သွားခဲ့ပါတယ်။ အထက်မြန်မာပြည်နဲ့ အောက် မြန်မာပြည်မှာရှိတဲ့စိန်စတင်းရဲ့ ဧည့်ခံဆိုင်းတီးတဲ့မူဆိုတာ ကျန်ရစ်ခဲ့တာဆိုတော့ အဲဒီအကြောင်းတွေ ကိုဖတ်လိုက်ရင် မသိသေးတဲ့လူတွေအနေနဲ့ မူတစ်ခု ရသွားမှာပေါ့နော်။ ဆိုင်းကို ဘယ်လိုဧည့်ခံမလဲ။ ဘယ်လိုဘယ်လိုလူခေါ်မလဲဆိုတာ စိန်စတင်း လုပ်ဆောင်သွားတာတွေ ရှိနေတာဆိုတော့ အဲဒီမူတွေဖြစ်တဲ့ ခေါ်ချည်၊ ပျိုးချည်၊ တီးချည်တွေကို အားလုံးသိကြအောင်လို့ရေးတာလည်းဖြစ်ပါတယ်။ အဓိကအနေနဲ့ပြောရရင် ဂီတသမားတွေရဲ့ စံထားလောက်တဲ့ ဆရာကြီးမို့ ပြည်သူတွေသိစေချင်လို့လည်း ရေးဖြစ်တာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကြိုးကြိုးစားစား လုပ်ဆောင်ထားတာဆိုတော့ စာအုပ်မထုတ်ဖြစ်ရင်လည်း စာပေဗိမာန်ကိုတင်လိုက်မယ်ဆိုပြီး စာပေဗိမာန်ကို တင်လိုက်တာပါ။ ယခင်ကတည်းက စာပေဗိမာန် စာမူဆုတွေ ရထားဖူးတာဆိုတော့ ဒီတစ်ကြိမ် အပါအဝင်ဆို ဆုရရှိတာ ၂၄ ဆူ ရှိသွားပါပြီ။ ကဗျာပေါင်းချုပ်၊ ဝတ္ထုတိုပေါင်းချုပ်၊ ဝတ္ထုရှည်တွေအတွက် စာပေဗိမာန်စာမူဆု၊ ပခုက္ကူဦးအုံးဖေစာမူဆု အစရှိသဖြင့် ဆုပေါင်း ၂၃ ဆုရရှိခဲ့ပြီး ဆိုင်းဆရာ စိန်စတင်းအကြောင်း စာပဒေသာက ခုမှရေးတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဂီတအလုပ်တွေကို လုပ်ဆောင်နေပါတယ်”ဟု ပြောကြားသည်။
ဒေါ်ယဉ်ယဉ်မွန်(ရှေးဟောင်းသုတေသန)
သုတပဒေသာ(ဝိဇ္ဇာ) ပထမဆု “ဒွတ္တပေါင် မင်းကြီးနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေ ခေတ္တရာ”စာအုပ်ဖြင့် သုတပဒေသာ(ဝိဇ္ဇာ) ပထမဆု ရရှိသည့် ဒေါ်ယဉ်ယဉ်မွန်က “ဒီစာအုပ်ကတော့ ပျူတွေရဲ့ ဓလေ့ထုံးစံနဲ့ ပျူတွေရဲ့ ဗိသုကာလက်ရာတွေ၊ နောက်ပြီး ပျူတွေရဲ့ ကိုးကွယ်ယုံကြည်မှုတွေ၊ ပျူနဲ့ပတ်သက်တဲ့ ဝတ်စားဆင်ယင်မှုတွေကအစ လူငယ်တွေ နောက်လူတွေ သိစေချင်တဲ့ ဆန္ဒနဲ့ ရေးလိုက်တာပါ။ စာအုပ်ထဲမှာ ဗဟုသုတရစရာတွေ အနေနဲ့ ပျူခေတ်ကဆောက်လုပ်ခဲ့တဲ့ ဗိသုကာ လက်ရာတွေပါမယ်။ နောက်ပြီး အာခီစထရယ်ချာ ဗိသုကာလက်ရာပိုင်းတွေပါမယ်။ နောက်ပြီး ပျူခေတ်ရဲ့ ဒင်္ဂါးသုံးစွဲမှုစနစ်နဲ့ ကုန်သွယ်မှုတွေ ပါဝင်မယ်။ နောက်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် တင်သွင်းတဲ့ စံချိန်စံနှုန်းနဲ့ ပတ်သက်ပြီးတော့ အများပြည်သူသိအောင်လို့လည်း အခန်း(၇)မှာ ထည့်ရေးပေးထားပါတယ်”ဟု ပြောသည်။
စာပေလောကအတွေ့အကြုံများနှင့် ပတ်သက်၍ “ကျွန်မက ပြည်မြို့၊ ရှေးဟောင်းသုတေသနနှင့် | နည်းပညာသင်တန်းကျောင်းမှာ ကထိကတာဝန် ထမ်းဆောင်ပါတယ်။ လုပ်သက် ၂၅ နှစ်ပြည့်ပင်စင် ယူတာ တစ်လကျော်ကျော်လေးပဲရှိပါသေးတယ်။ အရင်တုန်းကလည်း ရှေးဟောင်းသုတေသနနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ရေးခဲ့တာဖြစ်ပြီး စာပေဗိမာန်ဆုရတာ ဒါနဲ့ဆိုရင် သုံးအုပ်မြောက် ရှိပါပြီ။ ၂၀၁၂ မှာ “ဟံသာဝတီခေတ် ဓမ္မစေတီမင်းကြီး၏ ကောင်းမှုတော်များ” စာအုပ်နဲ့ တတိယဆုကို ပထမဦးဆုံးအကြိမ်ရရှိခဲ့ပြီး နောက်တစ်ခုက “ဘုရင့်နောင်မင်းတရားကြီးနှင့် ကမ္ဘောဇသာဒီ နန်းတော်ရာ” ကို ဒုတိယအကြိမ်မြောက်စာမူဆု အနေနဲ့ပြိုင်တာ ပထမဆုရပါတယ်။ ပဲခူးမှာရှိတဲ့ ဘုရားတွေရဲ့ လမ်းညွှန်အားလုံးကို Guide Book သဘောမျိုးနဲ့ ပဲခူးလမ်းညွှန်စာအုပ်တစ်အုပ်ကို ကျွန်မတို့ရှေးဟောင်းသုတေသနကနေ စာအုပ်ထုတ်တော့လည်း ကျွန်မရေးခဲ့ပါတယ်။ ပင်စင်ယူလိုက် ပြီဆိုပေမယ့်လည်း စာတွေကို ဆက်ပြီးတော့ ကြိုးစားပြီးရေးသွားမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။
တွေ့ဆုံမေးမြန်း-တင်စိုး၊ ဓာတ်ပုံ - အာကာစိုး