Skip to main content

ကျဆုံးလေပြီးသော သူရဲကောင်းစစ်သည်များအတွက် အဋ္ဌမအကြိမ်မြောက် အောက်မေ့ဖွယ် ဂါရ၀ပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားကျင်းပ

နေပြည်တော်   ဒီဇင်ဘာ   ၅

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့ သည့်ခေတ်အဆက် ဆက်မှ ကျဆုံးစစ်သည်များအားအောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားကို အဋ္ဌမအကြိမ်မြောက်အဖြစ် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်းဗိမာန် (နေပြည်တော်)၌ ကျင်းပသည်။

အဆိုပါ ဂါရဝပြုဆုတောင်းပွဲတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းဗဟိုအမှု ဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) နှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်များ၊ ရောင်နီဦးနှင့် မိတ်ဆွေများပရဟိတအဖွဲ့၊ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအဖွဲ့နှင့် တပ်မတော်ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

ဦးစွာ အောက်မေ့ဖွယ်ဂါရဝပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားကို တက်ရောက်လာ ကြသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်သီချင်းအား သီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသည့် သူရဲကောင်းစစ်သည်များအား အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန်လေးချက် ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် တိုင်းပြည်အတွက် အသက်ပေးလှူ သွားခဲ့ကြသည့် သူရဲကောင်းစစ်သည်များအား ရည်စူး၍ ဝမ်းနည်းခြင်းအထိမ်းအမှတ်၂ မိနစ်ငြိမ်သက်ခြင်း၊ သူရဲကောင်းစစ်သည်များ မြင့်မြတ်သော ကောင်းမွန်ရာဘုံဘဝရောက်ရှိစေရန်မိုးပျံပူဖောင်းများလွှတ်တင်ခြင်း ထာဝရငြိမ်း ချမ်းရေးရရှိစေရန် ရည်မှန်း၍ အထိမ်းအမှတ်ချိုးဖြူငှက်များ လွှတ်ခြင်းတို့ကို ဆောင်ရွက်ကြ သည်။

ယင်းနောက် တက်ရောက်လာကြသူများက ကျဆုံးစစ်သည်များအတွက် လွမ်းသူ့ပန်းခွေနှင့် ပန်းခြင်းများဖြင့် ဂါရဝပြုခြင်းကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ထို့ပြင် ယနေ့နံနက် ပိုင်းတွင်လည်း ကျဆုံးစစ်သည်များအားရည်စူး၍ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာ အုပ်စုပေါက်တောကျေးရွာ သဒ္ဒါရုံကျောင်းတိုက်၌ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ ဆောင်ရွက်သည်။

အဆိုပါအခမ်းအနားကို ရောင်နီဦးနှင့်မိတ်ဆွေ များ ပရဟိတအဖွဲ့ ကဦးဆောင်၍ ၂၀၁၄ ခုနှစ်မှ စတင်ကာ ဒီဇင်ဘာလ၏ ပထမပတ် တနင်္ဂနွေနေ့တိုင်းတွင် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်များက ရန်ကုန်မြို့ရှိ သူရဲကောင်းစစ်သည်ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ရာမှ ယခုနှစ်တွင် သူရဲကောင်း ဗိမာန် (နေပြည်တော်)တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

သတင်းစဉ်