(၅-၁၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၄-၁၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၅-၁၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၅,၅၅၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၈၅) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၈၃) ရာခိုင်နှုန်းရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၆၈၁,၃၁၇) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၅၂၄,၄၀၇) ဦး ရှိပြီဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၅၀၄) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၅၀၀,၃၀၄) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၆) ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၁၉,၁၄၁) ဦး ရှိပါသည်။
COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၄-၁၂-၂၀၂၁) ရက်နေ့အထိ လူဦးရေ စုစုပေါင်း (၁၇,၆၁၀,၉၅၉) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ် ကြိမ် အပြည့်ထိုးနှံပြီးစီးသူ (၁၂,၃၀၅,၆၃၁) ဦး နှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၅,၃၀၅,၃၂၈) ဦး ရှိပြီဖြစ် ပါသည်။ သို့ဖြစ်ပါ၍ (၄-၁၂-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၂၉,၉၁၆,၅၉၀) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။
• ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးသည် (၅-၁၂-၂၀၂၁) ရက်နေ့၊ နံနက် (၀၆:၀၀) နာရီ အချိန်အထိ နိုင်ငံပေါင်း (၄၂) နိုင်ငံတို့တွင် ပျံ့နှံ့လျက်ရှိကြောင်း သိရှိရပြီး အာဖရိကနိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဩစတြေးလျနိုင်ငံ အစရှိသည်တို့တွင် အတည်ပြုတွေ့ရှိရပြီး ဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများဖြစ်သော မလေးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင်လည်းတွေ့ရှိကြောင်း သိရှိရပါသည်။
• ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) နှင့်ပတ်သက်၍ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားမှု အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှု လျက်ရှိကာ မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်ကူးစက်မှု မရှိစေရန် အချိန်နှင့်တစ်ပြေးညီ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါ၍ ပြည်သူလူထုအနေဖြင့်လည်း အဆိုပါရောဂါပိုးနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ တစ်ဦးချင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊ သံသယရောဂါ လက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း သတင်းပေးပို့ခြင်း၊ အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့် ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူ များကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်း စသည်တို့ကို မမေ့မလျော့ သတိပြု၍ ဆောင်ရွက်ကြပါရန်နှင့် မိမိတို့နိုင်ငံသို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲများ ဝင်ရောက်ကူးစက် မလာစေရေး ကျန်းမာရေးဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်နေသည့်လုပ်ငန်းများကို ကျရာကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပေးတိုက်တွန်းနှိုးဆော် အပ်ပါသည်။
• COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။