ရန်ကုန် ဒီဇင်ဘာ ၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ သွင်းကုန်အစားထိုး ဘက်ထရီအမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေသည့် Proven Polyworld Company ၏ စက်ရုံလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တာဝန်ရှိသူများက လုပ်ငန်းလည်ပတ်နေမှု အခြေအနေ၊ ဘက်ထရီအိုးနှင့် ဆက်စပ်ပစ္စည်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ထုတ်လုပ်နိုင်မှု အခြေအနေ၊ ပြည်တွင်း၌ ကုန်ကြမ်းဝယ်ယူရရှိနိုင်မှုအခြေအနေ၊ ဘက်ထရီနှင့် ဆက်စပ်ပစ္စည်း များကို ပြည်တွင်းဈေးကွက်သာမက ပြည်ပအိမ်နီးချင်း နိုင်ငံများအထိ ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေ၊ တွေ့ကြုံနေရသည့် အခက်အခဲများ နှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းပေးကာ လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို နည်းပညာတိုး မြှင့်၍ဆောင် ရွက်နိုင်ရေး၊ ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ရေးနှင့် သွင်းကုန်အစားထိုးထုတ်လုပ်မှု မြှင့်တင်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆက်လက်ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေး ပြောကြားပြီး စက်ရုံအတွင်း ဘက်ထရီအိုးများ ထုတ်လုပ်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှု အားပေးသည်။
အဆိုပါ လုပ်ငန်းသည် ပြည်တွင်းမှ ကုန်ကြမ်းများကို အဓိကအသုံးပြုကာ တစ်နေရာတည်း၌ ဘက်ထရီအမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်ကာ နိုင်ငံတကာအဆင့်မီ Toyo အမှတ်တံဆိပ် မော်တော်ယာဉ်သုံး ဘက်ထရီများအား ပြည်တွင်းသာမက ပြည်ပအထိ တင်ပို့ရောင်းချ နေသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)