နေပြည်တော် ဒီဇင်ဘာ ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ ပြောင်ခေါင်းကြီးမွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူချုပ်နှင့် စခန်းတာဝန်ခံတို့က မွေးမြူရေးဇုန်အတွင်း အသားတိုး ကြက်များ မွေးမြူထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နေပြည်တော်ကောင်စီနယ်မြေအတွင်း သားငါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မွေးမြူရေးဇုန်များတည်ထောင်ထားခြင်း ဖြစ်ကြောင်း၊ မွေးမြူရေး စနစ်တကျရှိစေရန်နှင့် ဇီဝလုံခြုံရေးကို အထူးဂရုစိုက် ကြစေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို မိမိတို့ဌာနအနေဖြင့် ပံ့ပိုးကူညီအားပေးလျက်ရှိကြောင်း ပြောကြားပြီး အသားတိုးကြက် မွေးမြူထားရှိမှုကို ကြည့်ရှုသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံဌာနခွဲ၊ ကြံသီးနှံမျိုးသန့်ခြံ(ကမ်းပါးနီ) သို့ရောက်ရှိရာ ခြံတာဝန်ခံက ခင်းသစ်နှင့် လမိုင်းစိုက်ခင်းများ စိုက်ပျိုးထားရှိမှု၊ PMA05/1340 ကိုတစ်သျူးနည်းဖြင့် မျိုးသန့်ပွားခြင်း၊ မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးခြင်းများနှင့် တောင်သူပညာပေး ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ကြံအထွက်နှင့် သကြားအထွက်နှုန်း မြင့်မား၍ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိသော ကြံမျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပညာ ပေးဆောင်ရွက်ပြီး တောင်သူများ ဝင်ငွေတွက်ခြေကိုက်သည့် မျိုးများကို အဓိကထား ဖြန့်ဖြူးပေးရန် မှာကြားကာ သာမန်မျိုးပွားစိုက်ခင်း၊ သုတေသနစိုက်ခင်း၊ ကြံလမိုင်းစံပြ စိုက်ခင်းများနှင့် ကြံခုတ်သိမ်းနေမှု တို့ကို ကြည့်ရှုသည်။
ထို့နောက် လယ်ဝေးမြို့၊ ပန်းညိုစမ်းကျေးရွာရှိ ချောင်းမငယ်ရေလှောင်တမံသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ချောင်းမငယ်ရေလှောင်တမံ ဧရိယာအတွင်း၌ သီးနှံရောနှောစိုက်ခင်း ထူထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ တမံရှောင်ကွင်းလမ်း ဖောက်လုပ်ခြင်း၊ ရေဝပ်ဧရိယာကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ခြင်း၊ သီးနှံ သစ်တောရော နှောစိုက်ခင်းထူထောင်ပြီး ရေဝေရေလဲဒေသနှင့် ဆည်ရေသောက် ဧရိယာအတွင်း ကော်ဖီ၊ဝဥ၊ ငှက်ပျောနှင့် ပိန္နဲစိုက်ပျိုးထားရှိမှု၊ စံပြကွက်များ ပြုလုပ်ပညာပေးဆောင်ရွက်မှု၊ ကြက်၊ဘဲ မွေးမြူထားရှိမှုများနှင့် စားကျက်မြက်မျိုးများ စမ်းသပ်စိုက်ပျိုးထားရှိမှု၊ တမံအတွင်း ၂ လက်မအရွယ် ငါးမြစ်ချင်း၊ ငါးခုံးမ၊ ရွှေဝါ ၊ ငါးကြင်း ကောင်ရေ (၃၀၀၀၀)ထည့်ခြင်း၊ ကျေးရွာအစုအဖွဲ့ဖြင့် ငါးကောင်ရေ (၁၀၀၀၀)ထည့် သွင်း မွေးမြူထားရှိမှုနှင့် ရေပေါ် လှောင်အိမ်ဖြင့် တစ်ပိုင်တစ်နိုင်ငါးမွေးမြူမှု သရုပ်ပြခြင်း ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးတက်စေရန် နည်းပညာပေး၍ စည်းရုံးဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးရွာတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပြီး တောင်သူစိုက်ပျိုးထားသည့် တစ်သျှူး ငှက်ပျောမျိုးများဖြစ်သော ရွှေနီ၊ သီးမွှေးခွံဝါ၊ ဘရာဇီးနှင့် ပါရှီး ငှက်ပျောစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)