Skip to main content

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် လူစီးရထားနှင့် ကုန်ရထားများ တိုးချဲ့ပြေးဆွဲပေးလျက်ရှိ

နေပြည်တော်   ဒီဇင်ဘာ   ၅

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ခရီးသွားလာမှု ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ Standard Operation Procedure – SOP လမ်းညွှန်ချက်နှင့်အညီ ပြေးဆွဲဆောင်ရွက် ပေးလျက်ရှိသည်။

ကိုဗစ်-၁၉  တတိယလှိုင်းအပြီးတွင် ရုံးဌာနများ၊ စက်ရုံ/အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ချိန်မှစ၍ ခရီးသွားလာကြမည့် ပြည်သူများနှင့် ကုန်စည်များ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင် ရေးအတွက် မြန်မာ့မီးရထားက ခရီးစဉ်များတိုးချဲ့ပြေးဆွဲခဲ့ရာ ဒီဇင်ဘာ ၄ ရက်အထိ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထား(၂)စင်း၊ စာပို့ရထား(၂)စင်း၊ နေပြည်တော်-ရန်ကုန်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတို့တွင် အမြန်ရထား(၂)စင်းစီ၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ သာစည်-ရွှေညောင် လမ်းပိုင်းတို့တွင် စာပို့ ရထား(၂)စင်းစီ၊ ရန်ကုန်-ပဲခူးလမ်းပိုင်း၊ သာစည်-မြင်းခြံ လမ်းပိုင်း၊ ပုဂံ-မန္တလေးလမ်းပိုင်း၊ ပျဉ်းမနား- တောင်တွင်းကြီးလမ်းပိုင်း၊ မော်လမြိုင်-ရေးလမ်းပိုင်းနှင့် ပုသိမ်-ကြံခင်းလမ်းပိုင်းတို့တွင် လူစီးကုန်တင် ရထား(၂)စင်းစီ၊ အင်းစိန်-ဥက္ကံလမ်းပိုင်းနှင့် ပခုက္ကူ-ကျွန်းချောင်းလမ်းပိုင်းတို့တွင် RBE ရထား(၂)စင်းစီ စုစုပေါင်း(၂၈) စင်းနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင် RBE ရထား(၂၂)စင်း၊ စုစုပေါင်း အစင်း(၅၀) ပြေးဆွဲပေးလျက်ရှိသည်။

ပြည်သူများအနေဖြင့် မန္တလေး-လားရှိုးလမ်းပိုင်းအတွင်းရှိ ဂုတ်ထိပ် တံတားကြီးအား လေ့လာ ကြည့်ရှုနိုင်စေရန်ရည်ရွယ်ပြီး မန္တလေး-ပြင်ဦးလွင်-ဂုတ်ထိပ် အသွား/အပြန် စာပို့ ရထားခရီးစဉ် အဖြစ် အပတ်စဉ်တနင်္လာနေ့တွင် မန္တလေးမှပြင်ဦးလွင်သို့လည်းကောင်း၊ အင်္ဂါနေ့တွင် ပြင်ဦးလွင်မှ ဂုတ်ထိပ်၊ ဂုတ်ထိပ်မှပြင်ဦးလွင်သို့လည်းကောင်း၊ ဗုဒ္ဓဟူးနေ့တွင် ပြင်ဦးလွင်မှ မန္တလေးသို့လည်းကောင်း ပြေးဆွဲပေးလျက်ရှိသည်။

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများအဆင်ပြေစွာ ခရီးသွားလာနိုင်ရေးနှင့်ကုန်စည်များကို လိုရာခရီးသို့ တင်ပို့နိုင်ရေးအတွက် လူစီးရထားများ၊ ကုန်ရထားများပြေးဆွဲပေးလျက်ရှိရာ ခရီးသည်များစီးနင်းမှုနှင့် ကုန်စည်တင်ပို့မှုများ များပြားလာသည့်အခြေအနေများအပေါ် မူတည်၍ ရထားခရီးစဉ်များကို ထပ်မံ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

(သတင်းစဉ်)